မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။
နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ သံရုံးသို့ စာရွက်စာ တမ်းအထောက်အထားဆိုင်ရာများလာရောက်ပြုလုပ်နေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နှုတ်ဆက်အားပေးစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြပြီး လုပ်ငန်းများဆောင်ရွက်နေကြခြင်းဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သည့်အခက်အခဲပင်ဖြစ်စေ သံရုံး၊ စစ်သံရုံးများသို့ အချိန်မရွေးအကူအညီတောင်းခံကြရန်၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်း ကမ်းများနှင့်အညီဖြစ်စေရေးအတွက် စနစ်တကျနေ ထိုင်လုပ်ကိုင်ကြရန် ပြောကြားသည်။
” မြန်မာနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ အခွင့်အ ရေးတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့ ဥပဒေနဲ့အညီကာကွယ်စောင့်ရှောက်ပေးသွားပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့နောက် နိုင်ငံတော်သမ္မတက သံရုံးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုပြီး ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများ၊ မြန်မာအလုပ်သမားများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန်၊ သံရုံးဆိုင်ရာ စာရွက် စာတမ်းအထောက်အထားများဆောင်ရွက်ပေးရာတွင်စေတနာထားပြီး ကိုယ်ချင်းစာစိတ်ဖြင့် စိတ်ရှည်ရှည်ထားဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။

