မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။
ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းအမျိုးသားလွှတ်တော်အားကြည့်ရှုလေ့လာစဥ် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌမှ ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံကြား တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘ ဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်ကာ လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်ဆံမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောဆိုသည်။
ထို့အတူ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည်မှာ (၁၅)နှစ်တာကာလမျှသာရှိသေးပြီး လွှတ်တော်အနေဖြင့်လည်း အတွေ့အကြုံနုနယ်သေး၍ လွှတ်တော်ဆိုင်ရာအတွေ့အကြုံကောင်းများစွာရှိသည့် ထိုင်းနိုင်ငံလွှတ်တော်နှင့် လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်သွားမည်ဟု ပြောသည်။
နှစ်နိုင်ငံလွှတ်တော်ချင်းသာမက အာဆီယံပါလီမန်များဆိုင်ရာညီလာခံ(AIPA)တွင်လည်း မြန်မာလွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ကာ ပြီးခဲ့သည့် ဇူလိုင်လကအတွင်း မြန်မာ-ထိုင်း လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကိုဖွဲ့စည်းနိုင်ခဲ့ပြီး လွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ပြောကြားပြီးနောက် မြန်မာနိုင်ငံတော်သမ္မတက ထိုင်းအမျိုးသားလွှတ်တော်အတွင်းကြည့်ရှုလေ့လာခဲ့သည်။

