နေပြည်တော်၊ ဩဂုတ် ၄
တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနက် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်လိုသူများအတွက် အလုပ်အကိုင်ရရှိစေရေး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) နှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၌ ကျင်းပသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။
အဆိုပါ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ပသို့ အလုပ်သမား စေလွှတ်မှု ပိုမိုမြန်ဆန်စေရန် မလိုအပ်သည့် လုပ်ငန်းစဉ်များကို ဖြေလျှော့ဆောင်ရွက်ပေးနေကြောင်း၊ အရည်အသွေးမြင့် ပြည်ပအလုပ်အကိုင်ဈေးကွက်များ ရရှိစေရေးနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးနှင့် အကာအကွယ်များ ပိုမိုရရှိစေရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်တွင်း လုပ်သားအင်အား မလျော့နည်းစေရေးကိုလည်း စနစ်တကျ ကြီးကြပ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ကော်မတီ၏ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည့် အကြံပြုချက်များကိုလည်း ဆက်လက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်လျှောက်ထားမှုများကို စိစစ်ထုတ်ပေးနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေး အမှာစာကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ထိုင်းနှင့် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးများ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
