Home Movies ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆) ရေစီးနောက်မျောပါ

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆) ရေစီးနောက်မျောပါ

0
108

လေးမျက်နှာ၊ သြဂုတ်-၃
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရသည်။

ပျက်စီးသွားသည့် တံတားမှာ လေးမျက်နှာမြို့နယ်၊ လက်သမား (ကရင်) ကျေးရွာအနီး မိုင်တိုင်အမှတ် (၆) မိုင် (၃) ဖာလုံနှင့် (၆) မိုင် (၄) ဖာလုံအကြား တည်ရှိသည့် အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ ကွန်ကရစ်ရေနုတ်ပြွန်တံတားဖြစ်ပြီး ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေစီးအားပြင်းထန်ကာ ရေတိုက်စားမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် မျောပါသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေများသည် ကြိုးကြာကွင်းကျေးရွာအုပ်စုနှင့် ထိန်တောကြီးကျေးရွာအုပ်စုဘက်ရှိ လယ်ယာမြေများအတွင်းသို့ ဆက်လက်စီးဆင်းနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အခြေအနေများကို စောင့်ကြည့်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ ဩဂုတ် ၃ ရက်အထိ လေးမျက်နှာမြို့နယ်၌ ရပ်ကွက် ၅ ခု၊ ကျေးရွာ ၁၄ ရွာမှ အိမ်ခြေ ၃,၁၅၈ လုံး၊ အိမ်ထောင်စု ၃,၂၁၅ စုနှင့် လူဦးရေ ၁၄,၀၅၆ ဦး ရေဘေးသင့်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခုတွင် အိမ်ထောင်စု ၄၄၁ စုမှ လူဦးရေ ၁,၄၁၁ ဦး လာရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here