ဒီနှစ်ကုန်ပိုင်းမှာ ရန်ပုံငွေတွေ ထုတ်ပေးနိုင်ဖို့အတွက် ယူကရိန်းကို နောက်ထပ် ယူရို ၈.၃ ဘီလီယံ ထောက်ပံ့မယ်လို့ EU က ကတိပြုလိုက်ပြီး၊ ယူကရိန်းအစိုးရဘက်က မဖြစ်မနေ ဖြည့်ဆည်းရမယ့် တင်းကျပ်တဲ့ သတ်မှတ်ချက်တွေကိုလည်း အတည်ပြုလိုက်တယ်လို့ EU ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
”ကောင်စီဟာ ယူကရိန်း အထောက်အပံ့ အစီအစဉ်(Ukraine Facility) နဲ့ အဲဒီနဲ့ ဆက်စပ်နေတဲ့ ယူကရိန်း စီမံကိန်း(Ukraine Plan) တို့ကို ပြင်ဆင်မယ့် ဆုံးဖြတ်ချက် တစ်ရပ်ကို ဒီကနေ့မှာ ချမှတ်ခဲ့ပါတယ်။ ယူကရိန်း စီမံကိန်းမှာဆိုရင် ရန်ပုံငွေတွေ မချထားပေးခင် ယူကရိန်းဘက်က မဖြစ်မနေ လုပ်ဆောင်ရမယ့် ကြီးမားကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေး လမ်းပြမြေပုံကို ချမှတ်ထားပါတယ်။ ဒီပြင်ဆင်ချက်တွေအရ ၂၀၂၆ ခုနှစ်အတွက် နောက်ထပ် ဘဏ္ဍာရေး အထောက်အပံ့ ယူရို ၈.၃ ဘီလီယံ ထပ်တိုးပေးသွားမှာ ဖြစ်ပါတယ်” လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
EU ရဲ့ တောင်းဆိုချက်တွေထဲမှာ တရားဥပဒေစိုးမိုးရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြုပြင်ပြောင်းလဲမှုတွေ အပါအဝင် နောက်ထပ် လုပ်ဆောင်ရမယ့် ပြုပြင်ပြောင်းလဲရေး အဆင့်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။