အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ အင်္ဂါနေ့တုန်းက တွေ့ဆုံခဲ့ကြပြီး သံတမန်ရေးရာ ကိစ္စတွေ၊ စီးပွားရေးအရ ဖိအားပေးတာတွေအပြင် အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ဘယ်လို ဟန့်တားမလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက အစ္စရေး အဆင့်မြင့် အရာရှိတစ်ဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။
လက်ရှိ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေကနေ ထွက်ပေါက်တစ်ခုအနေနဲ့ ညှိနှိုင်းသဘောတူညီမှု ရယူတာ၊ ပိတ်ဆို့မှုတွေနဲ့ စီးပွားရေး ဖိအားပေးတာတွေကို ဆက်လုပ်တာ၊ နောက်ပြီး အကြီးအကျယ် တိုက်ခိုက်တာ စတဲ့ လမ်းကြောင်း သုံးခုကို ထရမ့်က ရှုမြင်ထားပါတယ်။
လောလောဆယ်မှာ အစ္စရေးအနေနဲ့ အီရန်ကို ထပ်ပြီး တိုက်ခိုက်ချင်တယ်လို့ နေတန်ယာဟုက ထရမ့်ကို တိုက်ရိုက် မပြောခဲ့ပေမယ့် တိတိကျကျ မဖော်ပြထားတဲ့ အကြံဉာဏ်သစ် တချို့ကိုတော့ သူ့ဘက်က ထပ်ဖြည့်ပြီး ဆွေးနွေးခဲ့ပါတယ်။
အီရန်နဲ့ ဖြစ်ပွားနေတဲ့ လက်ရှိ ပဋိပက္ခမှာ ထရမ့်က “ခေါင်းဆောင်ပိုင်း” နေရာကနေ ဆောင်ရွက်နေပြီး၊ နေတန်ယာဟုကတော့ “နောက်လိုက်” နေရာကနေ ပါဝင်နေတယ်လို့ အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြား နောက်ဆုံးဖြစ်ခဲ့တဲ့ ပဋိပက္ခ အရှိန်မြင့်တက်လာမှုဟာ ဇူလိုင်လ ၈ ရက်နေ့ကတည်းက စတင်ခဲ့တာပါ။ ဝါရှင်တန်နဲ့ တီဟီရန်တို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်၊ ဟော်မုဇ် ရေလက်ကြားမှာ ကုန်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ဆိုပြီး အမေရိကန်စစ်တပ်က အီရန်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ထရမ့်က အီရန်နဲ့ အပစ်အခတ် ရပ်စဲရေးကို အဆုံးသတ်လိုက်ပါတယ်။ လက်စားချေ တုံ့ပြန်တဲ့အနေနဲ့ အီရန်ဘက်ကလည်း ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ကူဝိတ်၊ ယူအေအီးနဲ့ အိုမန် အပါအဝင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်ရဲ့ အဆောက်အအုံနဲ့ စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။
