Home Movies နှစ်(၃၀) ဂရန်မြေပိုင်ရှင်များအနေဖြင့် မြေငှားရမ်းခကြွေးကျန်များကို ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား ပေးသွင်းရန် နေပြည်တော်စည်ပင် အသိပေး

နှစ်(၃၀) ဂရန်မြေပိုင်ရှင်များအနေဖြင့် မြေငှားရမ်းခကြွေးကျန်များကို ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား ပေးသွင်းရန် နေပြည်တော်စည်ပင် အသိပေး

0
88

နေပြည်တော်၊ ဇူလိုင် ၃၀


နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့မြေများတွင် နှစ်(၃၀) မြေငှားစာချုပ် (ဂရန်) ထုတ်ပေးထားသည့် မြေကွက်များအတွက် ကျသင့်သည့် နှစ်စဉ်မြေငှားရမ်းခများနှင့် ကြွေးကျန်များကို ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား၍ ပေးသွင်းကြရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီက အသိပေး ထုတ်ပြန်ထားသည်။

နှစ်(၃၀) မြေငှားစာချုပ် (ဂရန်) ထုတ်ပေးထားသည့် မြေကွက်များအတွက် နှစ်စဉ်မြေငှားရမ်းခများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများက ကောက်ခံလျက်ရှိသော်လည်း အချို့သော ဂရန်မြေပိုင်ရှင်များ ပေးသွင်းရန် ပျက်ကွက်နေခြင်း ဖြစ်သည်။

ထိုပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၁၆) အရ နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့မြေကွက်များအား မြေစီမံခန့်ခွဲခြင်းဆိုင်ရာစည်းကမ်းများ၊အပိုဒ် ၃(ည)တွင် ‘’ကော်မတီမှ သတ်မှတ်ထားသော မြေငှားခ(သို့မဟုတ်) မြေငှားစာချုပ်ပါ မြေငှားခ(သို့မဟုတ်)မြေအသုံးပြုခအား မပျက်မကွက် ပေးဆောင်ရမည်” ဟူ၍ ဖော်ပြထားသ ဖြင့်မြေငှားရမ်းခကျသင့်ငွေများကို မပျက်မကွက်ပေးဆောင်ရမည်ဖြစ်ပြီး ပေးဆောင်ခြင်းမရှိပါက သတ်မှတ်စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်သည်။

ထို့ကြောင့် နှစ်(၃၀) ဂရန်ထုတ်ယူထားသူများအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ကျန်ရှိနေသည့် မြေငှားရမ်းခကြွေးကျန်များနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ကျသင့်သည့် မြေငှားရမ်းခများကို ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာမြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးများသို့ မပျက်မကွက် ဆက်သွယ်ပေးသွင်းကြရန် အသိပေးကြေညာထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here