Home Movies ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်တိုက်တွန်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်တိုက်တွန်း

0
149

ပုသိမ်၊ဇူလိုင်-၂၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့”ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး လာစေရန်နှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ တန်ဖိုးကွင်းဆက်တစ်လျောက် အားပေးမြှင့်တင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးကို ဖူလုံပိုလျှံစွာ စိုက်ပျိုးထုတ်လုပ် နိုင်သော်လည်း စားဆီဖူလုံမှုမရှိသေးသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်း စားဆီဖူလုံမှုရရှိအောင် ရည်မှန်းချက်ထားကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရာတွင် တောင်သူများအတွက် လိုအပ်သည့် မျိုးကောင်း၊ မျိုးသန့်များရရှိရေး၊ အရည်အသွေးပြည့်ဝသည့် သွင်းအားစုများ အသုံးပြုနိုင်ရေးနှင့် စီးပွားရေး တွက်ချေကိုက်မှုရှိသည့် ဈေးနှုန်းများရရှိရန် လိုအပ်မည်ဖြစ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေး ပွဲတွင် တောင်သူများ၊ လုပ်ငန်းရှင်များ၊ ဆီကုန်သည်များ၊ ဆီစက်ပိုင်ရှင်များ၊ ဌာနဆိုင်ရာများ အားလုံးပါဝင်ပြီး ခရိုင်အလိုက် အုပ်စု(၈)ခုခွဲခြား၍ အုပ်စုအလိုက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ၊ မျိုး၊ သွင်းအားစုရယူသုံးစွဲမည့် အခြေ အနေများ၊ ဆီထွက်သီးနှံရောင်းချနိုင်မှုအခြေအနေများ၊ ဆီစက်များမှဝယ်ယူကြိတ်ခွဲမှု၊ ဈေးကွက် နှင့် ဈေးနှုန်းအခြေအနေများကို စကားဝိုင်းဆွေးနွေးနေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here