ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ရက် ၁၀၀ စီမံချက်ကာလအတွင်း ခါးပိုက်နှိုက်မှု ၁၁၇ မှုမှ ကျူးလွန်သူ တရားခံ ၉၉ ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှုများ လျော့နည်းကျဆင်းစေရေးအတွက် သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းနှင့် လုံခြုံရေးဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ ဆောင်ရွက်ခဲ့ရာ ထန်းတပင်၊ အင်းစိန်၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့တွင် ခါးပိုက်နှိုက်မှု စုစုပေါင်း ၁၁၇ မှုအား ဖော်ထုတ်နိုင်ခဲ့သည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်သူ အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း တရားခံ ၉၉ ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ခါးပိုက်နှိုက်မှုများမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်း ၁၄၀ လုံးနှင့် ကျပ် ၆,၅၇၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများ ကင်းစင်စေရေးအတွက် ရက် ၁၀၀ စီမံချက်အဖြစ် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မှုခင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
