ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးကာ မီတာဖတ်ရှုမှု မှန်ကန်စေရေး၊ ဓာတ်အားလေလွင့်မှု လျှော့ချရေးနှင့် သန်လျင်ရေနံချက်စက်ရုံသို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်းများကို စစ်ဆေးခဲ့ကြသည်။
YESC ဥက္ကဋ္ဌနှင့်အဖွဲ့သည် သန်လျင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် မီတာခကြွေးကျန်အခြေအနေနှင့် စာရင်းသွင်းမှုများကို စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာ၌ မီတာစာရေးများအနေဖြင့် မီတာများကို ကိုယ်တိုင် စနစ်တကျ ဖတ်ရှုရန်၊ မီတာဖတ်ရှုစဉ် ထူးခြားမှုများတွေ့ရှိပါက လျှပ်စစ်ပုံစံ (၂၉၀) ဖြင့် ချက်ချင်းတင်ပြရန် ညွှန်ကြားခဲ့သည်။
ထို့ပြင် မီတာခကြွေးကျန်များကို အပြည့်အဝ ကောက်ခံရန်နှင့် တရားမဝင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို စိစစ်အရေးယူဆောင်ရွက်ရန်လည်း လမ်းညွှန်မှာကြားခဲ့သည်။
ဘုရားကုန်း ဓာတ်အားခွဲရုံတွင်လည်း ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးအတွက် IT မီတာများ တပ်ဆင်ရန်၊ Smart Meter နှင့် Power Meter များကို DCU စနစ်ဖြင့် တစ်ပြိုင်နက် ဖတ်ရှုနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သန်လျင်ရေနံချက်စက်ရုံသို့ သွားရောက်၍ စက်ရုံအတွက် လျှပ်စစ်ဓာတ်အားကို လုံလောက်စွာနှင့် စဉ်ဆက်မပြတ် ပို့လွှတ်ပေးနိုင်ရေး အစီအစဉ်များနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
