ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်မှစ၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ (၂၄) အထိ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်မိခဲ့သည့် အသက် ၁၈ နှစ်မပြည့်သေးသူ ကလေးသူငယ် ၁၁၃ ဦးကို မိဘများနှင့် အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းအချက်ကို နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၌ ဇူလိုင် ၂ ရက်က ကျင်းပသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၆) တွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရာတွင် အရွယ်မရောက်သေးသူများ မပါဝင်စေရေး စနစ်တကျ စိစစ်ဆောင်ရွက်နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်မိခဲ့သူများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် မိဘများနှင့် အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်မတော်အတွင်း အသက်မပြည့်သေးသူများ မှားယွင်းစုဆောင်းမှု ဖြစ်ပေါ်ပါက နိုင်ငံတော်နှင့် တပ်မတော်၏ ပုံရိပ်ကို ထိခိုက်စေနိုင်သဖြင့် ကလေးစစ်သည်များ ဝင်ရောက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် အသက်မပြည့်သူများ မပါဝင်စေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် ကော်မတီဥက္ကဋ္ဌက ညွှန်ကြားခဲ့ကြောင်း သိရသည်။
