သုံးလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၂ ဘီလီယံတန်ဖိုးရှိ CMP သွင်းကုန်လိုင်စင် ၈,၀၄၂ စောင် ထုတ်ပေး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံစွာ လျှောက်ထားလာပါက ပုံမှန်လုပ်ငန်းစဉ်အတိုင်း နေ့ချင်းပြီး စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားသည်။
CMP သွင်းကုန်လိုင်စင်များကို TradeNet 2.0 စနစ်မှတစ်ဆင့် လျှောက်ထားရပြီး သက်ဆိုင်ရာ CMP အသင်းများဖြစ်သည့် အထည်ချုပ်လုပ်ငန်းအသင်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းအသင်းတို့၏ စိစစ်ထောက်ခံချက်များနှင့်အတူ တင်သွင်းလာသည့် လျှောက်လွှာများကို အချက်အလက်ပြည့်စုံပါက နေ့ချင်းပြီး ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
CMP ပို့ကုန်လိုင်စင်များကိုမူ လျှောက်ထားသည်နှင့် စနစ်မှ အလိုအလျောက်စိစစ်ခွင့်ပြုပေးသည့် Auto Licence စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ကုန်သွယ်ရေးဦးစီးဌာနက ဖော်ပြထားသည်။
ကုန်သွယ်ရေးဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဧပြီလမှ ဇွန်လအထိ သုံးလအတွင်း CMP သွင်းကုန်လိုင်စင် ၈,၀၄၂ စောင်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၂ ဘီလီယံ တန်ဖိုးဖြင့် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
CMP လက်ခစားစနစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသည့် ကုန်ထုတ်လုပ်ငန်းစနစ်တစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်အပြင် နိုင်ငံခြားငွေဝင်ငွေ ရရှိစေသည့် အဓိကစီးပွားရေးကဏ္ဍတစ်ခုလည်း ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် လည်ပတ်နေသည့် CMP အထည်ချုပ်စက်ရုံ ၅၀၀ ကျော်ရှိကြောင်း သိရသည်။
