ဂျနီဗာ၊ ဇူလိုင် ၃
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၏ (၆၂) ကြိမ်မြောက် ညီလာခံအတွင်း ကျင်းပသည့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် တရုတ်နိုင်ငံက နိုင်ငံပေါင်း ၆၅ နိုင်ငံကိုယ်စား AI (ဉာဏ်ရည်တု) နည်းပညာကို လူတိုင်း လက်လှမ်းမီအသုံးပြုနိုင်ရေးအတွက် ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ကျားဂွိုက်ဒဲက အဆိုပါ ပူးတွဲကြေညာချက်ကို ဖတ်ကြားတင်ပြခဲ့ပြီး လူ့အခွင့်အရေးအားလုံးကို ပြည့်ဝစွာခံစားနိုင်ရန် AI နည်းပညာကို လက်လှမ်းမီအသုံးပြုနိုင်ရေးနှင့် လူ့အခွင့်အရေးကောင်စီ၏ သုံးစွဲနိုင်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့သည်။
ပူးတွဲကြေညာချက်တွင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် အခြားထိခိုက်လွယ်သော အုပ်စုများအပါအဝင် လူသားအားလုံး လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို တန်းတူညီမျှ ခံစားနိုင်ရန်အတွက် နည်းပညာများကို လွယ်ကူစွာ သုံးစွဲနိုင်ရေးမှာ အရေးကြီးကြောင်း အလေးပေးဖော်ပြထားသည်။
ထို့ပြင် ပူးတွဲကြေညာချက်တွင် အဓိကအဆိုပြုချက် (၄) ချက်ကို ထည့်သွင်းဖော်ပြထားပြီး ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် AI အသုံးပြုမှုမြှင့်တင်ရေး၊ လူသားဗဟိုပြု AI ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံနှင့် လူမှုအုပ်စုအားလုံး တန်းတူညီမျှ သုံးစွဲနိုင်စေရေးအတွက် တရားမျှတမှုနှင့် ဘက်လိုက်မှုကင်းစေရေး၊ ဒစ်ဂျစ်တယ်ကွာဟမှုကို လျှော့ချကာ AI နည်းပညာဆိုင်ရာ အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများကို ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် ဖလှယ်မြှင့်တင်ရေးတို့ကို အလေးထားဖော်ပြထားသည်။
အဆိုပါ ပူးတွဲကြေညာချက်ကို ရုရှား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဗင်နီဇွဲလား၊ ဆူဒန်၊ ကမ္ဘောဒီးယားအပါအဝင် နိုင်ငံများက ပူးပေါင်းပါဝင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားကလည်း ၎င်းတို့၏ နိုင်ငံအလိုက် ထုတ်ပြန်ချက်များမှတစ်ဆင့် ထောက်ခံအားပေးခဲ့ကြောင်း သိရသည်။
Ref: ရှင်းဟွာ (Xinhua)
