ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့် တင်သွင်းသည့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ရန် အဆိုနှင့်ပတ်သက်၍ ဇူလိုင် ၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် ကွန်ဟိန်းမဲဆန္ဒနယ်မှ ဦးစိုင်းကျော်လှက နိုင်ငံတကာဆက်ဆံရေးကို အလေးထားပြီး အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ဆောင်ရွက်သင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့သည်။
ဦးစိုင်းကျော်လှက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာကာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် သဘောတူညီထားသည့် ရည်ရွယ်ချက်များနှင့် အခြေခံမူများကို တိတိကျကျ လိုက်နာကျင့်သုံးရန် လိုအပ်သော်လည်း၊ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီမှုမပါဘဲ အာဆီယံဥက္ကဋ္ဌက ဘုံသဘောတူညီချက် (၅) ရပ်ကို ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဆွေးနွေးခဲ့သည်။
ယင်းဘုံသဘောတူညီချက် (၅) ရပ်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးကာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသည့် သဘောဆောင်ကြောင်းလည်း ၎င်းက ထောက်ပြဆွေးနွေးခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိသော်လည်း လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာပြီဖြစ်သဖြင့် နိုင်ငံတကာဆက်ဆံရေးကို အလေးထား၍ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ဆောင်ရွက်သင့်ကြောင်း ဦးစိုင်းကျော်လှက ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။
