MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ငွေကြေးစီးဆင်းမှုမြန်ဆန် ချောမွေ့စေရေးအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် တိုက်တွန်းပြောကြားခဲ့သည်။
“ကုန်ပစ္စည်းတွေကို ဒေသတွင်းကနေ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်နိုင်ဖို့အတွက် ဒစ်ဂျစ်တယ် ရောင်းဝယ် ဖောက်ကားမှုပလက်ဖောင်းတွေကို လက်တွေ့အသုံးချပြီး ဈေးကွက်ရှာဖွေတာတွေကို ဆက်လက်လုပ်ဆောင်ကြဖို့လိုပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာတာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းရှင်များ၊ အထူးသဖြင့် လူငယ်စံပြလုပ်ငန်းရှင်များကို ဒစ်ဂျစ်တယ်နည်းပညာများတွင် သေချာစွာနားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချနိုင်ရေးအတွက် နည်းပ ညာပံ့ပိုးမှုများဖြင့် လုပ်ငန်းကွန်ရက်ချိတ်ဆက်မှုများ အားကောင်းခိုင်မာရေးအတွက်ဆောင်ရွက်ပေးရမည်ဟု နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့သည်။
ယနေ့ စတင်ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်း အမှတ်တွင် MSME လုပ်ငန်းရှင်များ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများနှင့် အလှမ်းမဝေးစေရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲမှုကိုမြှင့်တင်အားပေးသည့် အထူးအစီအစဉ်များကိုလည်းထည့်သွင်းထားသည်။
