၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ အမည်နှင့် မွေးသက္ကရာဇ် အချက်အလက်များ မှားယွင်းနေသူများအနေဖြင့် စာမေးပွဲဖြေဆိုပြီးချိန်တွင်သာ သတ်မှတ်အထောက်အထားများနှင့်အတူ စာဖြေသူကိုယ်တိုင် လာရောက်ပြင်ဆင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ဟောင်းအသင်း (MAJA) စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထုတ်ပြန်သည်။
အချက်အလက်အမှား ပြင်ဆင်လိုသည့် စာဖြေသူများသည် ဇူလိုင်လ ၅ ရက် စာမေးပွဲနေ့တွင် ဘာသာရပ် (Section) အားလုံး ဖြေဆိုပြီးဆုံးချိန်၌ မိမိဖြေဆိုသည့် စာစစ်ဌာန (Test Site) ရှိ ရုံးခန်း (Office) မှ သတ်မှတ်ထားသည့် နေရာသို့ သွားရောက်ကာ Correction Form တွင် ကိုယ်တိုင် ဖြည့်စွက်လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အချက်အလက်ပြင်ဆင်ရာတွင် Test Voucher မူရင်းနှင့် သက်သေခံကတ်ပြားမူရင်းဖြစ်သည့် Passport၊ ယာဉ်မောင်းလိုင်စင် (အမျိုးအစား B၊ C၊ D၊ E) သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို တင်ပြရမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် စာမေးပွဲဖြေဆိုနေစဉ်အတွင်း အချက်အလက်အမှားများအတွက် စိုးရိမ်ပူပန်မှုမရှိဘဲ စာမေးပွဲကိုသာ အာရုံစိုက်ဖြေဆိုပြီး ဖြေဆိုမှုအားလုံး ပြီးဆုံးမှသာ သတ်မှတ်ထားသည့်နေရာတွင် အချက်အလက်ပြင်ဆင်ရန် စာမေးပွဲကျင်းပရေးကော်မတီက တိုက်တွန်းထားသည်။
အချက်အလက်ပြင်ဆင်ခြင်းကို ဇူလိုင်လ ၅ ရက် စာမေးပွဲကျင်းပသည့်နေ့ (တစ်ရက်တည်း) တွင်သာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ Test Voucher ပါ အချက်အလက်များနှင့် ID Card ပါ အချက်အလက်များ လုံးဝကွဲလွဲနေပါက ပြင်ဆင်ခွင့်ပြုမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။
အောင်လက်မှတ်ထုတ်ပေးပြီးနောက်မှ အချက်အလက်ပြင်ဆင်ရန် လျှောက်ထားပါက ပြင်ဆင်ဆောင်ရွက်ချိန် ၂ လမှ ၆ လအထိ ကြာမြင့်နိုင်ပြီး၊ လျှောက်ထားသူဦးရေ များပြားပါက ယင်းထက်ပိုမိုကြာမြင့်နိုင်ကြောင်း MAJA က ကြိုတင်အသိပေးထားသည်။
