ဒိုမီနီကန်သမ္မတနိုင်ငံ၏ နာမည်ကျော် ကမ်းခြေအပန်းဖြေဒေသ Bayahibe ရှိ Viva Wyndham Dominicus Beach ဟိုတယ်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အီတလီအမျိုးသမီးတစ်ဦး သေဆုံးပြီး ခရီးသွားဧည့်သည် ၁,၇၀၀ နီးပါးကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အရေးပေါ်ဆေးဘက်ဆိုင်ရာဌာန (DAEH) ၏ ထုတ်ပြန်ချက်အရ မီးလောင်မှုအတွင်း အသက် ၄၆ နှစ်အရွယ် အီတလီနိုင်ငံသူ ဖရန်ဆက်စ်ကာ ဗယ်လင်တီနို သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် လူသုံးဦးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရပြီး အခြားခြောက်ဦးကို အခင်းဖြစ်ပွားရာနေရာတွင်ပင် အရေးပေါ်ကုသမှုပေးခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများတွင် ဟိုတယ်ဧည့်သည်များ၊ ခရီးသွားများနှင့် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။
ဒေသခံမီဒီယာများ ဖော်ပြသည့် ဗီဒီယိုမှတ်တမ်းများတွင် ဟိုတယ်အဆောက်အအုံ၏ ခေါင်မိုးပိုင်းမှ မီးတောက်များ အပြင်းအထန်လောင်ကျွမ်းနေပြီး ကာရစ်ဘီယံကမ်းရိုးတန်းတစ်လျှောက် မီးခိုးမည်းများ ထူထပ်စွာ ပျံ့နှံ့နေသည်ကို တွေ့မြင်ရသည်။
နိုင်ငံ၏ အရေးပေါ်အော်ပရေးရှင်းစင်တာ (COE) ၏ ကနဦးစစ်ဆေးချက်များအရ အုန်းလက်ဖြင့် ပြုလုပ်ထားသော ခေါင်မိုးအချို့မှာ မီးလောင်လွယ်သည့် ပစ္စည်းများဖြစ်သည့်အပြင် လေပြင်းတိုက်ခတ်မှုကြောင့် မီးလောင်ကျွမ်းမှုသည် အချိန်တိုအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ကြောင်း သိရသည်။
ဟိုတယ်မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပြီး ကမ္ဘာတစ်ဝန်း ဟိုတယ်ပေါင်း ၈,၄၀၀ ကျော်ကို စီမံခန့်ခွဲနေသည့် Wyndham Hotels & Resorts ကမူ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင်မှတ်ချက်ပေးခြင်း မရှိသေးကြောင်း သိရသည်။
Ref: CNN
