စစ်ကိုင်းတိုင်းဒေသကြီး၊ ခါမ်းပါတ်မြို့ကို တပ်မတော်စစ်ကြောင်းများက ယနေ့ ဇွန် ၂၀ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး-တမူးလမ်းကြောင်းကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာမှ ခါမ်းပါတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာသတင်းများအရ တပ်မတော်စစ်ကြောင်းများ၏ ထိုးစစ်ဆင်ဆောင်ရွက်မှုများကြောင့် လက်နက်ကိုင်အဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လက်ရှိတွင် မြို့တွင်းနှင့် ပတ်ဝန်းကျင်ဒေသများ၌ လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် ပျက်စီးနေသည့် အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများအား ရှင်းလင်းခြင်း၊ လမ်းနှင့်တံတားများ ပြုပြင်ခြင်း၊ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခါမ်းပါတ်မြို့ ပြန်လည်ထိန်းချုပ်နိုင်ခြင်းကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအစီအစဉ်များကို ပြန်လည်အကောင်အထည်ဖော်နိုင်မည့် အခြေအနေများ ပိုမိုကောင်းမွန်လာမည်ဟု သုံးသပ်ထားကြသည်။
ထို့အပြင် ဒေသခံပြည်သူများ၏ ခရီးသွားလာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ပုံမှန်လည်ပတ်နိုင်ရေးအတွက်လည်း လိုအပ်သည့် စီမံဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကလေး-တမူးလမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အပြည့်အဝ ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
