ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ဇွန် ၁၇ ရက်က ကျင်းပသည့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် တင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါအဆိုကို ဟားခါးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဆန်အုပ်မန်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်အစိုးရ၏ အစီအမံဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းထားခြင်းဖြစ်သည်။
ယင်းအဆိုကို တီးတိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတင်ကာကျင်၊ တွန်းဇံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇမ်းရှင်းဒါးလ်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စောထွန်းတို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။
ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က ဟားခါးမြို့ရှိ စက်ရုံတည်ဆောက်ရန် မြေနေရာရရှိရေးနှင့် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုနှင့်ပတ်သက်၍ အဆိုရှင်က ထပ်မံရှင်းလင်းဆွေးနွေးပြီးနောက် လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့ရာ အဆိုကို လွှတ်တော်က အတည်ပြုမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
