လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးထားသည်။
အဆိုပါပွဲစဉ်တွင် အားကောင်းသည့် လက်သီးချက်များ ပိုင်ဆိုင်ထားသည့် ကျော်စွာဝင်း၏အောက်၌ ထိုင်းဖိုက်တာ SLATAN အလဲထိုးခံရမလားဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်နေသည်။
ONE Championship ပြိုင်ပွဲ၏ ရလဒ်မှတ်တမ်း (Record) များအရ ကျော်စွာဝင်းသည် (၂) ပွဲထိုး၊ (၁) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပြီး၊ ၎င်းနှင့် ရင်ဆိုင်ရမည့် SLATAN မှာမူ အမြင့်ကန်ချက် ကောင်းမွန်သော်လည်း ONE ပြိုင်ပွဲတွင် (၁) ပွဲထိုး၊ (၁) ပွဲရှုံးနိမ့်ထားသဖြင့် ယခုပွဲစဉ်သည် ကျော်စွာဝင်းအတွက် ပွဲချောင်စေနိုင်မည်ဟု သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။
လက်ရှိတွင် ကျော်စွာဝင်းသည် ထိုင်းနိုင်ငံ ပတ္တရားရှိ ကမ္ဘာ့အဆင့်မီ ထိပ်တန်းကလပ်တစ်ခုဖြစ်သော Fairtex Training Center တွင် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
၎င်းသည် ONE Championship နှင့် စာ ချုပ်ချုပ်ဆိုပြီးနောက် ONE စင်မြင့်ထက်တွင် စုစုပေါင်း (၂) ပွဲအထိ ကစားထားပြီးဖြစ်ကာ ပွဲဦးထွက်အဖြစ် ဂျပန်ဖိုက်တာ Muga Seto ကို ဒုတိယအချီတွင် TKO ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်တွင်မူ ထိုင်းဖိုက်တာ Samingdam ကို ဒိုင်ဆုံး ဖြတ်ချက်ဖြင့် ရှုံးနိမ့်ထားခြင်းဖြစ်သည်။
