ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ နာမည်ကျော် လသာ(၁၉)လမ်းကို ယနေ့မှစတင်ကာ Night Market အဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
တာဝန်ရှိသူတစ်ဦးက “နိုင်ငံတော်အစိုးရရဲ့ စီမံချက်နဲ့ Night Market အဖြစ် ပထမဆုံး အကောင်အထည်ဖော် ဖွင့်လှစ်တာဖြစ်ပါတယ်။ (၁၉)လမ်းက အရင်ကတည်းက ရှိပြီးသားနေရာပါ။ ဒါပေမဲ့ စည်းကမ်းမဲ့ ဈေးရောင်းချမှုတွေရှိခဲ့လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး ရောင်းချချိန်နဲ့ ရောင်းချရမယ့်နေရာတွေကို သတ်မှတ်ပေးထားပါတယ်။ အရေးပေါ်ယာဉ်တွေ သွားလာနိုင်ဖို့အတွက်လည်း လမ်းအလယ်ပိုင်းကို ချန်ထားပေးထားပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် (၁၉)လမ်းတစ်လျှောက် အလှမီးပုံးများ တပ်ဆင်ထားပြီး ဈေးသည်များကိုလည်း သတ်မှတ်ထားသည့်နေရာများတွင် စနစ်တကျ ရောင်းချစေကြောင်း တွေ့ရသည်။ ထို့ပြင် ဖွင့်ပွဲနေ့၌ ဖျော်ဖြေရေးအစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
Night Market အဖြစ် ပြန်လည်ဖွင့်လှစ်ထားသည့် (၁၉)လမ်းရှိ ဆိုင်ခန်းများကို နေ့စဉ် ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
