ငလျင်ဒဏ်ခံဒီဇိုင်းဖြင့် လူ ၁၈၀ ဆံ့ အစည်းအဝေးခန်း ပါဝင်
နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် ရွှေကြာပင်လမ်းနှင့် မြတ်မင်္ဂလာလမ်းထောင့်ရှိ မြေနေရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အအုံသစ်ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အအုံသစ်ဆောက်လုပ်မည့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန နှစ်ထပ်အဆောက်အအုံသစ်အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ကျခံသုံးစွဲတည်ဆောက်ခြင်းလည်း ဖြစ်သည်။
မြေဧက ၈ ဒသမ ၅ ဧက အကျယ်အဝန်းရှိကြောင်း၊ အဆောက်အအုံ၏ ပထမထပ်တွင် စုစုပေါင်းအခန်း ၄၁ ခန်းနှင့် မြေညီထပ်တွင် အစည်းအဝေးများပြုလုပ်နိုင်ရန် အင်အား ၁၈၀ ခန့် ဝင်ဆံ့သည့် ခန်းမတစ်ခန်း၊ ၂၀၀ ခန့် ဝင်ဆံ့သည့် ထမင်းစားခန်းတစ်ခန်းအပါအဝင် စုစုပေါင်း ၄၂ ခန်း ပါဝင်ကြောင်းနှင့် ငလျင်ဒဏ်ခံ နှစ်ထပ်အဆောက်အအုံဖြစ်ကြောင်း သိရသည်။
