Home Movies မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးနှင့် ဇီဝဓာတ်ငွေ့လျှပ်စစ်ထုတ်လုပ်ရေး နိုင်ငံတော်သမ္မတ တိုက်တွန်း

မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးနှင့် ဇီဝဓာတ်ငွေ့လျှပ်စစ်ထုတ်လုပ်ရေး နိုင်ငံတော်သမ္မတ တိုက်တွန်း

0
99

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်အညစ်အကြေးများမှ ဇီဝဓာတ်ငွေ့ထုတ်လုပ်ကာ လျှပ်စစ်မီးအဖြစ် ပြန်လည်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် ရွှေမြို့မွေးမြူရေးဇုန်ရှိ Sunlight Venture Co., Ltd. ၏ ဆိတ်မွေးမြူရေးခြံ၊ ယင်းဇုန်အတွင်းရှိ နယ်မြေခံတပ်ရင်း၏ ဝက်မွေးမြူရေးခြံ၊ တပ်ကုန်းမြို့နယ် အမှတ်(၁)ကံကြီးမွေးမြူရေးဇုန်ရှိ ဦးတွမ်ခင်ဝင်း၏ ဖန်ဟွနို့စားနွားမွေးမြူရေးခြံ၊ ဦးမြတ်စံ၏ ကြက်မွေးမြူရေးခြံနှင့် ဦးတင်မြိုင်၏ အသားတိုးဝက်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီမွေးမြူရေးစနစ်များ ကျင့်သုံးရန်၊ ဇီဝလုံခြုံရေးစနစ်များ အလေးထားဆောင်ရွက်ရန်နှင့် ဆိတ်မွေးမြူရေးလုပ်ငန်းများတွင် အသားထုတ်လုပ်မှုအပြင် ဆိတ်သားရေများကိုပါ ဈေးကွက်သို့ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့ပြင် ဆိတ်အစာအတွက် နေဗီယာမြက်များ စိုက်ပျိုးခြင်းနှင့်အတူ ဇီးပင်များ စိုက်ပျိုး၍ ဇီးသီးခြောက်ဖတ်များကို အစာအဖြစ် အသုံးပြုနိုင်ရေး လေ့လာဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

ဝက်မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ပမှ မျိုးကောင်းမျိုးသန့်များ တင်သွင်းမွေးမြူခြင်းထက် ပြည်တွင်း၌ မျိုးထုတ်လုပ်ကာ တိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်ရန်၊ အောင်မြင်သော မွေးမြူရေးလုပ်ငန်းများ၏ နည်းပညာနှင့် စီမံခန့်ခွဲမှုပုံစံများကို လေ့လာသုတေသနပြု၍ လုပ်ငန်းများ ပိုမိုတိုးချဲ့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

အမှတ်(၁)ကံကြီးမွေးမြူရေးဇုန်ရှိ နို့စားနွားမွေးမြူရေးခြံအား စစ်ဆေးစဉ် နို့စားနွားမွေးမြူရေးလုပ်ငန်းများတွင် ပြည်ပနိုင်ငံများ၏ အောင်မြင်သော မွေးမြူရေးပုံစံများကို လေ့လာအသုံးချရန်နှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော အညစ်အကြေးများကို ပြန်လည်သိုလှောင်ကာ ဇီဝဓာတ်ငွေ့ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အားအဖြစ် အသုံးပြုခြင်းဖြင့် စွမ်းအင်ကုန်ကျစရိတ် လျှော့ချနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ကြက်မွေးမြူရေးခြံအား ကြည့်ရှုစစ်ဆေးစဉ်တွင်လည်း ဥစားကြက်မွေးမြူရေးလုပ်ငန်းသည် ပြည်သူများအတွက် အာဟာရပြည့်ဝသော စားသောက်ကုန်များ ပိုမိုရရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရေးအတွက် အရေးပါကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းများ အောင်မြင်စွာ လည်ပတ်နိုင်ရေးနှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

လက်ရှိတွင် နေပြည်တော်၌ ကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေးဇုန်နှင့် ပြောင်ခေါင်းကြီးမွေးမြူရေးဇုန်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here