စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ကျောင်းသားဟောင်း ညီနောင်များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်၊ မင်းကတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးဆောင်ကျင်းပသူ ဦးဥဇ္ဇောတကက “ စည်းလုံးညီညွတ်ခြင်း၏ မှတ်တိုင်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီ ” ဟု မိန့်ကြားခဲ့သည်။
နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဦးဥဇ္ဇောတကက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်ထားခဲ့သည်။ ထို့နောက် ကျောင်းသားဟောင်းမထေရ်ကြီး ဘဒ္ဒန္တခေမိန္ဒ (ဓမ္မပါရဂူ) က အဖွင့်ဩဝါဒကထာ မိန့်ကြားခဲ့ပြီး ကျောင်းသားဟောင်းဆရာတော်များက တစ်ပါးချင်း မိတ်ဆက်လျှောက်ထားခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) တည်ထောင်ခြင်း နှစ် (၄၀) ပြည့် ပုလဲရတုအခမ်းအနားနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြပြီး ဆုံးဖြတ်ချက်များကို ချမှတ်အတည်ပြုခဲ့ကြောင်း သိရသည်။
အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားလျှောက်ထားပြီးနောက် “သာဓု” သုံးကြိမ်ခေါ်ဆို၍ အတည်ပြုခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
