Public Transportation များအနက် ရထားပို့ဆောင်ရေးစနစ်သည် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သဖြင့် ပြည်သူများ ယုံကြည်စိတ်ချစွာ အပြည့်အဝအားကိုး အသုံးပြုနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ မေ ၁၄ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် လောင်စာဆီအခက်အခဲများကြောင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လေယာဉ်၊ မော်တော်ယာဉ်၊ ရေယာဉ်နှင့် ရထားပို့ဆောင်ရေးစနစ်များအနက် ရထားပို့ဆောင်ရေးသည် ခရီးသည်နှင့် ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အမြောက်အမြား ပို့ဆောင်ပေးနိုင်သည့် အထိရောက်ဆုံးသော ပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ရထားပို့ဆောင်ရေးလုပ်ငန်းဟာ နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိတဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ရထားကိုအသုံးပြုခြင်းကြောင့် လောင်စာဆီသုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်တဲ့အတွက် ပြည်သူတွေ ပိုမိုအားကိုးအသုံးပြုလာစေရန် ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်မှုတွေ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးကို ၁၈၇၇ ခုနှစ်၌ ရန်ကုန်-ပြည် ရထားလမ်းပိုင်း စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ပြီး အရှေ့တောင်အာရှဒေသအတွင်း အစောဆုံးရထားပို့ဆောင်ရေးစနစ်များထဲမှ တစ်ခုအဖြစ် ရပ်တည်ခဲ့ကြောင်း၊ ၂၀၂၇ ခုနှစ်တွင် မြန်မာ့မီးရထားလုပ်ငန်း သက်တမ်း နှစ်ပေါင်း(၁၅၀)ပြည့်မြောက်တော့မည်ဖြစ်သဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ရထားဖြင့် ခရီးသည်နှင့် ကုန်ပစ္စည်းများကို မြန်ဆန်ထိရောက်စွာ ပို့ဆောင်နိုင်ပါက ရထားအသုံးပြုသူ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက် အရေးပါသည့် မီးရထားလမ်းများတွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆက်မပြတ် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။
ထို့အပြင် လက်ရှိ မြန်မာနိုင်ငံရှိ ရထားလမ်းများတွင် သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းများ အားနည်းနေသေးကြောင်း၊ ရထားလမ်းများ အရည်အသွေးပြည့်မီမှသာ မြန်နှုန်းမြင့်ရထားများ ပြေးဆွဲနိုင်မည်ဖြစ်သဖြင့် ရထားသံလမ်းများ၊ ဇလီဖားတုံးများ၊ အောက်ခံကျောက်များကို သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့ပြင် ရထားလမ်းကွေ့များနှင့် အနိမ့်အမြင့်နေရာများကိုလည်း စနစ်တကျတွက်ချက်တည်ဆောက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
