ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင် အထူးသတိပြုကာ ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။
ရောဂါကူးစက်မှု မဖြစ်ပွားစေရန် မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုစနစ်ကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပိုးသတ်ဆေးဖျန်းခြင်းကို ပုံမှန်ပြုလုပ်ရန်၊ အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ မငှားရမ်းသုံးစွဲရန်နှင့် လူနှင့် ယာဉ်အဝင်အထွက်ကို ထိန်းချုပ်ကန့်သတ်ရန် လိုအပ်ကြောင်း သိရသည်။
ထို့ပြင် မွေးမြူရေးခြံအတွင်း အပူချိန်၊ စိုထိုင်းဆနှင့် လေဝင်လေထွက် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ခြံအတွင်း ဝင်ရောက်ရာတွင် ပါးစပ်နှာခေါင်းစည်းနှင့် လက်အိတ်တို့ကို စနစ်တကျ ဝတ်ဆင်ရန်နှင့် ကြက်၊ ငှက်များကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးသန့်ရှင်းရေး ပြုလုပ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသားနှင့် ဥများကိုလည်း သေချာစွာ ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပြီး ကြက်၊ ငှက်များ ရုတ်တရက် ေ-သဆုံးမှုများ ဖြစ်ပွားပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများထံသို့ ချက်ချင်း သတင်းပို့ရန် တိုက်တွန်းထားသည်။
ထို့ပြင် ရောဂါကြိုတင်ကာကွယ်ရေးနှင့် စူးစမ်းရှာဖွေရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း အသိပေးထားသည်။
