အန်တာနာနာရီဗို၊ ဧပြီလ ၈ ရက်
မဒါဂတ်စကာအစိုးရသည် နိုင်ငံအတွင်း ကြုံတွေ့နေရသော ကြီးမားသည့် စွမ်းအင်ထောက်ပံ့ ဖြည့်တင်းမှု အကျပ်အတည်းကို ဖြေရှင်းရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၅ ရက်ကြာ စွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေကို အင်္ဂါနေ့တွင် ကြေညာလိုက်ကြောင်း သိရသည်။
သမ္မတရုံး၏သတင်း ထုတ်ပြန်ချက်အရ ယခုအခြေအနေသည် အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခ၏ နောက်ဆက်တွဲရလဒ်များကြောင့် ဖြစ်ပြီး ၎င်းက မဒါဂတ်စကာနိုင်ငံ၏ စွမ်းအင်ထောက်ပံ့ ဖြည့်တင်းမှုနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
ယခုအရေးပေါ်အခြေအနေ ကြေညာခြင်းဖြင့် စွမ်းအင်ပြန်လည်ရရှိစေရန်၊ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန်နှင့် နိုင်ငံ့စီးပွားရေးကို ပုံမှန်လည်ပတ်နိုင်စေရန်အတွက် လျင်မြန်ပြီး တိကျသော အစီအမံများကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။
လက်ရှိဖြစ်ပွားနေသော စွမ်းအင်အကျပ်အတည်းသည် ပြည်သူလူထု၏ငြိမ်ဝပ်ပိပြားရေး၊ လုံခြုံရေးနှင့် အဖွဲ့အစည်းဆိုင်ရာ တည်ငြိမ်မှုတို့ အပေါ်သက်ရောက်မှုရှိနေကြောင်း သတင်းထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။
အစိုးရအနေဖြင့် အဆိုပါအကျပ်အတည်းကို ကျော်လွှားနိုင်ရန်နှင့် ပြည်သူများ၏ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုများကို လျှော့ချနိုင်ရန် လိုအပ်သော အရင်းအမြစ်အားလုံးကို စုစည်းအသုံးချသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ဒေသတွင်းသတင်းများအရ မတ်လလယ်ကတည်းက မဒါဂတ်စကာရှိ စက်သုံးဆီဆိုင်များသည် သိုလှောင်နိုင်စွမ်း မလုံလောက်မှု သို့မဟုတ် ယာယီဆီပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။ ၎င်းနိုင်ငံ၏ ရေနံ ထောက်ပံ့ ဖြည့်တင်းမှုမှာ ပြည်ပမှတင်သွင်းမှုအပေါ်တွင် များစွာမှီခိုနေရပြီး အထူးသဖြင့် အိုမန်နိုင်ငံမှ အဓိကတင်သွင်းနေခြင်း ဖြစ်သည်။
Ref: ဆင်ဟွာ
