ဧပြီလ ၇ ရက်
အမေရိက-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။ အီရန်၏ ပိတ်ဆို့မှုအောက်တွင် ရှိနေသော ဟော်မုဇ်ရေလက်ကြား၏ ဘေးတစ်ဖက်တစ်ချက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသည့် သင်္ဘောပေါင်းထောင်ချီ၍ သောင်တင်နေသည်။
စနေနေ့တွင် အီဂျစ်အစိုးရက ၎င်းတို့သည် လောင်စာဆီချွေတာရန် အစီအမံများကို အကောင်အထည်ဖော်ခြင်းနှင့် အဆိုပါအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် “အကောင်းဆုံးစွမ်းဆောင်နိုင်သည့်” နိုင်ငံများထဲ၌ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲ သည် ရက်သတ္တ ခြောက်ပါတ်မြောက်ထဲသို့ ရောက်ရှိလာချိန်တွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောသွားလာမှုများ သည် လုံးဝနီးပါး ရပ်တန့်သွားခြင်းနှင့် ပင်လယ်ကွေ့ဒေသရှိ အဓိကစွမ်းအင်စက်ရုံများအနီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ရေနံနှင့် ဓာတ်ငွေ့ဈေးကွက်အပေါ် ဖိအားများ မြင့်တက်လာနေသည်။
ငြိမ်းချမ်းသောကာလတွင် ကမ္ဘာ့ရေနံနှင့် LNG ငါးပုံတစ်ပုံကို ပင်လယ်ကွေ့ထုတ်လုပ်သူများထံမှ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် တင်ပို့ခြင်းဖြစ်သည်။ အမေရိကနှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ပြီး နှစ်ရက်အကြာ မတ်လ ၂ ရက်တွင် အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ အဆင့်မြင့်အကြံပေး အီဘရာဟင် ဂျဘာရီ က ရေလက်ကြားကို “ပိတ်လိုက်ပြီ” ဟု ကြေညာခဲ့သည်။ မည်သည့်သင်္ဘောမဆို ဖြတ်သန်းရန် ကြိုးစားပါက IRGC နှင့် ရေတပ်က “ထိုသင်္ဘောများကို မီးတင်ရှို့ပစ်မည်” ဟု ၎င်းက ဆိုသည်။ ထိုအချိန်မှစ၍ တစ်နေ့လျှင် ရေနံစည်ပေါင်း သန်း ၂၀ ခန့် တင်ဆောင်နေသည့် ရေလက်ကြား၏ သွားလာမှုသည် ၉၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။
ယခုအခါ အီရန်သည် နိုင်ငံအချို့နှင့် သဘောတူညီမှုရရှိပြီးနောက် သင်္ဘောအနည်းငယ်ကိုသာ ဖြတ်သန်းခွင့်ပြုနေ သေးသည်။ ထို့အပြင် စစ်ပွဲအတွင်း အရှေ့အလယ်ပိုင်းရှိ စွမ်းအင်အခြေခံအဆောက်အဦများလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
မတ်လ ၂၄ ရက်တွင် ကာတာနိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး Ras Laffan LNG စက်ရုံကို အီရန်က တိုက်ခိုက်ခဲ့ပြီးနောက် QatarEnergy က ၎င်းတို့၏ ရေရှည် LNG ထောက်ပံ့မှုစာချုပ်အချို့အတွက် မမျှော်လင့်သော အခြေအနေ ကို ကြေညာခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် နိုင်ငံ၏ LNG တင်ပို့နိုင်စွမ်း ၁၇ ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီး နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၂၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ကာ ဥရောပနှင့် အာရှသို့ ထောက်ပံ့မှုများကို ခြိမ်းခြောက်နေသည်။
ဤအနှောင့်အယှက်များကြောင့် စွမ်းအင်ဈေးနှုန်းများ ထိုးတက်သွားခဲ့ပြီး စစ်ပွဲမစမီက တစ်စည်လျှင် ၆၅ ဒေါ်လာခန့်သာရှိသော Brent ရေနံဈေးသည် အင်္ဂါနေ့တွင် ၁၀၉ ဒေါ်လာခန့် ဖြစ်လာခဲ့သည်။ အီဂျစ်စွမ်းအင်ဝန်ကြီးဌာနကလည်း လောင်စာဆီဈေးနှုန်းများကို ၁၄ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။
မတ်လ ၂၈ ရက်ေန့တွင် အီဂျစ်ဝန်ကြီးချုပ် မိုစတာဖာ မတ်ဒဘူလီ ၏ရုံးက နိုင်ငံ၏ စွမ်းအင်တင်သွင်းမှုကုန်ကျစရိတ်သည် ဇန်နဝါရီလတွင် ၁.၂ ဘီလျံဒေါ်လာရှိရာမှ မတ်လတွင် ၂.၅ ဘီလျံဒေါ်လာအထိ မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။ အီဂျစ်သည် ဒေသတွင်းတွင် စွမ်းအင်အများဆုံး တင်သွင်းသူဖြစ်သကဲ့သို့ ကြွေးမြီအများဆုံး စီးပွားရေးနိုင်ငံတစ်ခုလည်းဖြစ်သည်။
မတ်ဒဘူလီ က စွမ်းအင်အရင်းအမြစ်များကို ထိန်းသိမ်းရန် အီဂျစ်နိုင်ငံက ဆောင်ရွက်နေသည့် အစီအမံများအဖြစ် မတ်လ ၂၈ ရက်မှစ၍ ဆိုင်များ၊ မောလ်များနှင့် စားသောက်ဆိုင်များကို နေ့စဉ် ည ၉ နာရီတွင် တစ်လကြာ ပိတ်ရမည် (ကြာသပတေးနှင့် သောကြာမှလွဲ၍)၊ ကြာသပတေးနှင့် သောကြာနေ့များတွင် ည ၁၀ နာရီ၌ ပိတ်ရမည်၊ အစိုးရပိုင်ယာဉ်များအတွက် လောင်စာဆီခွဲတမ်းကို ၃၀ ရာခိုင်နှုန်း လျှော့ချမည်၊ လမ်းမီးများနှင့် လမ်းဘေးကြော်ငြာမီးများကို ၅၀ ရာခိုင်နှုန်း ဖြတ်တောက်မည်။
Ref အယ်လ်ဂျာဇီးယား
