ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ပိုမိုစည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပလျှက်ရှိပြီးတပေါင်းလပြည့်နေ့ညနေက ဆွမ်းဆန်စိမ်းလောင်းလှုပွဲကို ဘုရားရင်ပြင်တွင် ကျင်းပခဲ့သည်။
လပြည့်နေ့အားလျော်စွာ အနီးနားရွာများမှ လှည်းနေ၊ လှေအောင်း ၊မြင်းဇောင်း မချန် လူကုန်ဆင်းလာကြရာဆိုင်ကယ်များ လှည်းများမှာ ရပ်နားကွင်းတွင် ပြည့်ကြပ်နေကြသည်။
ရင်ပြင်ပေါ်တွင်လည်းနယ်မှ လာကြသူများ ဘုရားဖူးပြီး အနားယူကာနေချိုမှ ပြဇာတ်ရုံများဆီ ဆင်းသွားကြသည်။ဘုရားပွဲ ရက်များအတွင်း ယခု လပြည့်သည် အစည်ဆုံး ဖြစ်သည်ဟုဆိုကြသည်။
နာမည်ကျော် မြန်မာ့ဇာတ်သဘင်အဖွဲ့များထံသို့ ရုပ်ရှင် ဂီတ သဘင် အနုပညာမောင်နှမများ လာရောက်အားပေးကြ အားဖြည့်ကြသည့် မြိုင်ဆိုင်သည့်နှစ်လည်းဖြစ်သည်။
၁၂ပွဲစျေးသည်များ ၊ အပျော်စီးလှေ ၊ ကလေးကစားကွင်းများ ၊ မြန်မာပြည်တစ်နံတစ်လျားမှ ဒေသထွက်ကုန်များအား ရောင်းချလျှက်ရှိနေသည်။
ဘုရားရင်ပြင်ပြင်တွင် မုန့်ဟင်းခါး စတုဒီသာ လှုဒါန်းမည့်သူများက မနက်ဖန် နှင့် သဘက်ခါ မနက်တို့တွင် ကျွေးမွေးဧည့်ခံမည့် အစီအစဥ်လည်းရှိသည်။
