ယခုနွေရာသီမှ စတင်ကာ အမေရိကန် စက္ကူပိုက်ဆံများပေါ်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ လက်မှတ် ပါဝင်လာတော့မည်ဖြစ်ကြောင်းနှင့် ယင်းသည် တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးအနေဖြင့် အမေရိကန်ငွေကြေးပေါ်တွင် ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေရန် စီစဉ်ထားသော ဒီဇိုင်းသစ် ငွေစက္ကူများတွင် ၁၆၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် “အမေရိကန် ဘဏ္ဍာစိုး”(U.S. Treasurer) ၏ လက်မှတ်ကို ချန်လှပ်ထားမည်ဖြစ်သည်။ အဆိုပါ ဘဏ္ဍာစိုးရာထူးသည် ဘဏ္ဍာရေးဝန်ကြီးထံ အစီရင်ခံရသူဖြစ်ပြီး ငွေစက္ကူနှင့် ဒင်္ဂါးပြား ထုတ်လုပ်ရေးလုပ်ငန်းများ၊ အမေရိကန် ဒင်္ဂါးသွန်းလုပ်ရေးလုပ်ငန်း နှင့် အခြားသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို ကြီးကြပ်ရသူဖြစ်သည်။
ထရမ့်၏ လက်မှတ်နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆင့်(Scott Bessent) တို့၏ လက်မှတ်များ ပါဝင်သော ပထမဆုံး ဒေါ်လာ ၁၀၀ တန် ငွေစက္ကူများကို ဇွန်လတွင် စတင်ရိုက်နှိပ်မည်ဖြစ်ပြီး နောက်လများတွင် အခြားသော တန်ဖိုးရှိ ငွေစက္ကူများကို ဆက်တိုက် ရိုက်နှိပ်သွားမည်ဖြစ်သည်။ ငွေစက္ကူအသစ်များ ဘဏ်များအတွင်းသို့ ပျံ့နှံ့လည်ပတ်ရန်အတွက်မှာမူ ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နိုင်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ယခင်သမ္မတ ဂျိုးဘိုင်ဒင်၏ ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလန်(Janet Yellen) နှင့် ယခင်ဘဏ္ဍာစိုး လင်း မာလာဘာ(Lynn Malerba) တို့၏ လက်မှတ်များ ပါရှိသည့် ငွေစက္ကူများကိုလည်း လက်ရှိတွင် ထုတ်လုပ်နေဆဲဖြစ်သည်။
မာလာဘာသည် ၁၈၆၁ ခုနှစ်တွင် အမေရိကန်အစိုးရက ငွေကြေးများကို စတင်ထုတ်ဝေခဲ့စဉ်ကတည်းက အစဉ်အဆက် ပါဝင်ခဲ့သည့် ဘဏ္ဍာစိုးများ၏ လက်မှတ်များထဲတွင် နောက်ဆုံးပါဝင်သူ ဖြစ်လာမည်ဖြစ်သည်။
ဤလက်မှတ် ပြောင်းလဲမှုသည် အဆောက်အအုံများ၊ အဖွဲ့အစည်းများ၊ အစိုးရစီမံကိန်းများ၊ စစ်သင်္ဘောများနှင့် ဒင်္ဂါးပြားများပေါ်တွင် သမ္မတ၏ အမည်ကို ဖော်ပြရန် ထရမ့်အစိုးရနှင့် ၎င်း၏ မဟာမိတ်များက လုပ်ဆောင်နေသည့် နောက်ဆုံး ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ ထရမ့်က ခန့်အပ်ထားသည့် အဖွဲ့ဝင်များ ပါဝင်သော ဖက်ဒရယ် အနုပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခုကလည်း ထရမ့်၏ ရုပ်ပုံပါရှိသော အထိမ်းအမှတ် ရွှေဒင်္ဂါးပြား ဒီဇိုင်းကို ပြီးခဲ့သည့် အပတ်က အတည်ပြုပေးခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီး ဘတ်ဆင့်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားရာ၌ ထရမ့်၏ ဒုတိယသက်တမ်းအတွင်း အမေရိကန်၏ စီးပွားရေး တိုးတက်မှု အားကောင်းခြင်းနှင့် ဘဏ္ဍာရေး တည်ငြိမ်မှုတို့ကြောင့် အမေရိကန် နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်တွင် ဤသို့ လုပ်ဆောင်ခြင်းမှာ သင့်လျော်သည်ဟု ဆိုသည်။
