အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်သည် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အထူးသံတမန်၏ နိုင်ငံခြားခရီးစဉ်များအကြောင်း မေးမြန်းသောအခါ “သူအစ္စရေးကို သွားမယ်၊ ပြီးရင် ရုရှားကို ဆက်သွားမယ်၊ ယုံချင်ယုံ မယုံချင်နေ” ဟု ထရမ့်ကပြန်လည်ဖြေကြားခဲ့သည်။
ခရီးစဉ်၏ အချိန်ကာလကိုမူ သူက ပြောကြားခဲ့ခြင်းမရှိပေ။ ဝစ်ကော့ဖ်သည် သြဂုတ်လ ၁ ရက်နေ့တွင် အစ္စရေးနှင့် ဂါဇာကမ်းမြှောင်သို့ သွားရောက်ရန် ရှိနေသည်။
အမေရိကန်သမ္မတ၏ အထူးသံတမန်သည် ယခင်ကလည်း ရုရှားသို့ အကြိမ်များစွာ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခဲ့ဖူးသည်။
