ယခုအပတ်အစောပိုင်းက ကနေဒါနိုင်ငံ၊ တိုရွန်တိုလေဆိပ်တွင် ဆင်းသက်စဉ် ပျ-က်ကျခဲ့သော လေယာဉ်ပေါ်မှ ခရီးသည်တိုင်းအား ဒေါ်လာ ၃၀,၀၀၀ စီ ပေးရန် အစီအစဉ်များ ရှိကြောင်း အမေရိကန်ပြည်ထောင်စု ဒယ်လ်တာ လေကြောင်းလိုင်း၏ တာဝန်ရှိသူများက ကြေညာသည်။
ဤအချက်ကို ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ မော်ဂန်ဒူးရန့်က ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် အတည်ပြုခဲ့သည်။
“ယခု ငွေကြေးပေးအပ်ခြင်းတွင် မည်သည့်ကန့်သတ်ချက်မျှ မရှိပါ၊ ခရီးသည်တို့၏ အခြားအခွင့်အရေးများကိုလည်း မထိခိုက်စေရပါ” ဟု သူက ပြောကြားခဲ့သည်။
မင်နီဆိုးတာပြည်နယ်၊ မင်နီအာပိုလစ်မြို့မှ ထွက်ခွာလာသော ဒယ်လ်တာ လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် တိုရွန်တိုမြို့၏ အဓိက လေဆိပ်တွင် ဖေဖော်ဝါရီ ၁၇ ရက်၊ တနင်္လာနေ့က ပြင်းထန်စွာ ဆင်းသက်ခဲ့ပြီး ပက်လက်လှန်လဲကျသွားခဲ့သည်။
မီးလျှံနှင့် ထူထဲသော မီးခိုးများသည် လေယာဉ်ကို ဖုံးလွှမ်းသွားစဉ် လေယာဉ်သည် ပြေးလမ်းပေါ်တွင် ပက်လက်အနေအထားနှင့်ပင် ရပ်တန့်သွားခဲ့သည်။
လေယာဉ်ပေါ်ရှိ လူ ၈၀ အနက် မည်သူမျှ ေ-သဆုံးခြင်း မရှိခဲ့ပါ။
ယင်း လေယာဉ်ပျ-က်ကျမှုတွင် ခရီးသည် ၂၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့အထိ ခရီးသည် တစ်ဦးတည်းသာ ဆေးရုံတွင် ကျန်ရှိကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
