ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် ဥထုံသနီရှိ ထိုင်းဆိုင်တစ်ဆိုင်တွင် လည်ပင်းအနှိပ်ခံမှု နှစ်ကြိမ်အပါအဝင် အနှိပ်ခန်းသုံးကြိမ်ဝင်ခဲ့သော အဆိုတော်တစ်ဦးသည် တနင်္ဂနွေနေ့(နိုဝင်ဘာ ၈) မနက်ပိုင်းတွင် ေ-သဆုံးခဲ့ကြောင်း သိရသည်။
Guitar Record အဖွဲ့မှ အဆိုတော် Chayada Prao-hom သည် သွေးတွင်းပိုးဝင်ခြင်းနှင့် ဦးနှောက်ရောင်ရမ်းမှုဝေဒနာများဖြင့် ဥထုံသနီပြည်နယ်ရှိ ဆေးရုံအရေးပေါ်ခန်း၌ နံနက် ၆ နာရီခန့်၌ ေ-သဆုံးခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၅ ရက်က ဖျော်ဖြေပွဲတစ်ခုအပြီးတွင် သူ ခါးနာနေကြောင်းနှင့် ဥထုံသနီရှိ ထိုင်းအနှိပ်ဆိုင်သို့ ခေါ်သွားပေးရန် Chayada က တောင်းဆိုခဲ့သည်ဟု သူ၏ ရည်းစားက ပြောကြားခဲ့သည်။
“အနှိပ်ခန်းဝင်အပြီးမှာ ကိုယ်တစ်ပိုင်းထုံကျင်လာတာကို သူ စခံစားခဲ့ရတယ်၊ ဘယ်ဘက်လက်မောင်းကို မလှုပ်နိုင်တော့ပါဘူး။ နောက်တော့ သူ တစ်ကိုယ်လုံး မလှုပ်နိုင်တော့ပါဘူး” ဟု သူ့ရည်းစားက ပြောသည်။
နိုဝင်ဘာ ၆ ရက်တွင် Chayada က အဆိုပါ အနှိပ်ခန်းသို့ သူ သုံးကြိမ်တိုင် သွားရောက်အနှိပ်ခံခဲ့ကြောင်းနှင့် သူခံစားခဲ့ရသော ဝေဒနာများနှင့် ပတ်သက်၍ ဖေ့စ်ဘုတ်တွင် ပို့စ်တင်ကာ ပရိသတ်ကို အသိပေးခဲ့ပြီး အနှိပ်ခံရခြင်းကို အရမ်းကြိုက်သူများ သူ့ဖြစ်ရပ်ကို သင်ခန်းစာယူစေလိုကြောင်းလည်း ဆိုခဲ့သည်။ သူပြန်နေကောင်းရမည်ဖြစ်ကြောင်းနှင့် အလုပ်တွေ ပြန်လုပ်ချင်နေပြီဖြစ်ကြောင်းလည်း ရေးသားထားခဲ့သည်။
နိုဝင်ဘာ ၁၈ ရက်တွင် အဆိုတော်၏ အခြေအနေသည် ပိုမိုဆိုးဝါးလာခဲ့ပြီး လုံးဝမလှုပ်ရှားနိုင်တော့ဘဲ အိပ်ယာထဲတွင်သာ တစ်ချိန်လုံး နေရတော့သည်။
ရည်းစားဖြစ်သူသည် အနှိပ်ဆိုင်ကို ဥပဒေကြောင်းအရ တရားစွဲဆိုချင်သော်လည်း ယင်းသို့လုပ် ဆောင်ရန်အတွက် အထောက်အထားခိုင်လုံမှုရှိမရှိမှာ မသေချာဟု ဝန်ခံသည်။
တစ်ချိန်တည်းမှာပင် ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြုဌာန(HSS) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Arkom Praditsuwan က Chayada သွားခဲ့သော အနှိပ်ဆိုင်သည် ဝန်ဆောင်မှုပေးရန် လိုင်စင်ရ အသိအမှတ်ပြုဆိုင် ဟုတ်မဟုတ်ကို ဌာနမှ တာဝန်ရှိသူများက စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
