တရုတ်အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့မှုဖြင့် နူးယော့ခ် အုပ်ချုပ်ရေးမှူးများ၏ လက်ထောက် ဟောင်းကို တရားစွဲ

0
269

လက်ရှိနူးယော့ခ် အုပ်ချုပ်ရေးမှူး Kathy Hochul နှင့် အုပ်ချုပ်ရေးမှူးဟောင်း Andrew Cuomo တို့၏ လက်ထောက်ဟောင်းကို တရုတ်အစိုးရ၏ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေ Breon Peace က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

Hochul နှင့် Cuomo တို့၏ လက်ထောက်အရာရှိဟောင်း Linda Sun ကို နိုင်ငံခြား အေးဂျင့်များ မှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ရန် ပူးပေါင်းကြံစည်မှု၊ ဗီဇာလိ-မ်လည်မှု၊ လူမှောင်ခိုကူးမှု၊ ငွေကြေးခဝါချရာတွင် ပူးပေါင်းကြံစည်မှုတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဟု သိရသည်။

သူ၏ ခင်ပွန်းဖြစ်သူ ပူးတွဲတရားခံ Chris Hu ကိုလည်း ငွေကြေးခဝါချမှု၊ ဘဏ်လုပ်ငန်းဆိုင်ရာ လိ-မ်လည်ရာတွင် ပူးပေါင်းကြံစည်မှုနှင့် သက်သေခံနည်းလမ်းဆိုင်ရာ အလွဲသုံးစားလုပ်မှုတို့ဖြင့် စွဲဆိုခဲ့သည်။

သတင်းရင်းမြစ်များ၏ အဆိုအရ ဇူလိုင်လအတွင်းက ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးမှူးများသည် သူတို့နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။

Sun သည် ခင်ပွန်းဖြစ်သူ Hu ၏ ကိုယ်ကျိုးစီးပွားအတွက် လာဘ်လာဘ ဒေါ်လာသန်းပေါင်းများစွာ လွှဲပြောင်းရာတွင် အဆင်ပြေချောမွေ့စေရေး၌ တရုတ်အစိုးရ၏ လျှို့ဝှက်အေးဂျင့်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ရှေ့နေများက ပြောဆိုခဲ့သည်။

Sun နှင့် Hu တို့ကို သူတို့၏ Long Island ဒေသ နေအိမ်တွင် အင်္ဂါနေ့မနက်ပိုင်းက ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။

Sun နှင့် Hu တို့ကမူ အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု တရားရုံး၏ စွဲဆိုချက်များအားလုံးအပေါ် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြသည်။ Sun ကို အာမခံကြေး ဒေါ်လာ ၁ ဒသမ ၅သန်း၊ Hu ကို အာမခံကြေး ဒေါ်လာ ၅ သန်း ချမှတ်ခဲ့ပြီး နှစ်ဦးစလုံးကို နူးယော့ခ်၊ Long Island၊ မိန်းနှင့် နျူးဟမ့်ရှိုင်းယားဒေသများသို့ ခရီးသွားလာခွင့် တားမြစ်ခဲ့သည်။

ရုံးတော်ကြားနာမှုအတွင်း သံသယတရားခံများသည် အယောင်ပြကုမ္ပဏီများ၊ iCloud အကောင့်များ၊ WeChat မက်ဆေ့ချ်များတွင် မန်ဒရင်းဘာသာစကားများသုံးကာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ခြင်းဟု ရှေ့နေများက လျှောက်လဲ စွပ်စွဲခဲ့ကြသည်။

သံသယတရားခံများ၏ ရှေ့နေ Seth DuCharme ကမူ မိမိတို့၏ အမှုနှင့်ပတ်သက်၍ ယုံကြည်မှုများစွာရှိကြောင်း အင်္ဂါနေ့က ကြားနာမှု၌ တရားရုံးအပြင်ဘက်တွင် သတင်းထောက်များအား ပြောဆိုသွားခဲ့သည်။

Ref: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here