ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးမြောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းမကြီးပေါ်တွင် နှစ်ချို့ကုက္ကိုင်ပင်ကြီး အမြစ်မှ ကျွတ်ကာ YBS (၁၄၅) ယာဉ်ပေါ်သို့ လဲကျမှုဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယနေ့ သြဂုတ် (၁)ရက်၊ နေ့လယ် (၁)နာရီ (၁၀)မိနစ်အချိန်က ရွှေဂုံတိုင်လမ်းမကြီးပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းအရ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အနာဂတ်အလင်းတန်းပရဟိတအသင်း၊ ရွှေဂုံရိပ်မွန်လူမှုကူညီရေးအသင်းတို့မှ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ရွှေဂုံတိုင် လူမှုဖူလုံရေးရှေ့မှာ YBS ၁၄၅ ပေါ် ကုက္ကိုပင်ကြီးလဲကျတာ ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူမရှိပါဘူး။ လျှပ်စစ်ဓါတ်တိုင် တစ်တိုင်တော့လဲကျသွားတယ် “ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ဆိုသည်။
အဆိုပါ သစ်ပင်လဲကျမှုကြောင့် လမ်းပေါ် ပိတ်နေရာ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီရေးအသင်းတို့မှ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။