ယနေ့ ဇူလိုင် (၆)ရက် ညနေ (၃)နာရီခွဲအချိန်တွင် စတင်ကျင်းပမည့် Myanmar National League 2024-2025 ၏ အဖွင့်ပွဲစဉ် ကစားရမည့် ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် ဘရာဇီး ကစားသမားများဖြင့် ပွဲထုတ်လာသည်ကို တွေ့ရသည်။
အုပ်စုအဖွင့်ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်းဖြင့် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။
ဇူလိုင်(၄) ရက်က ထုတ်ပြန်သည့် ရခိုင်ယူနိုက်တက်အသင်း၏ ကစားသမားစာရင်းတွင် ဘရာဇီးနိုင်ငံ ကစားသမား TA TO နှင့် DOUGLAS တို့ အသစ်ထပ်မံပါဝင်လာသည်ကို တွေ့ ရပြီး ၎င်းတို့ နှစ်ဦးအပါအဝင် ပြည်တွင်းကစားသမား (၂၅) ဦးနှင့် ပွဲထွက်လာမည်ဖြစ်သည်။
သို့သော် ရန်ကုန်ယူနိုက်တက်အနေဖြင့် ပွဲထွက် ကစားသမားစာရင်းကို ထုတ်ပြန်အသိပေးခြင်း မရှိသေးသည်ကိုတွေ့ရသည်။
Myanmar National League 2024-2025 ပြိုင်ပွဲတွင်ပြည်တွင်းဘောလုံးကလပ်အသင်း (၁၂)သင်း ပါဝင်ကစားသွားမည်ဖြစ်သည်။
ယခုနှစ် ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅) ကြိမ်မြောက်ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကို ဇွန်(၂၀)ရက်ကပင် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ထုတ်ပြန်ထားပြီဖြစ်ပြီး အဖွင့်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်တို့ တွေ့ ဆုံရမည်ဖြစ်သလို ဒဂုံစတားယူနိုက်တက်နှင့် သစ္စာအားမာန်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ယခုပြိုင်ပွဲကို နိုင်ငံတကာ ဘောလုံးပြက္ခဒိန်များနှင့် ကိုက်ညီမှုရှိစေရန် ပြက္ခဒိန်နှစ် (၂) နှစ်ကို ခွ၍ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
