တရုတ်ရဲ့ ယူကရိန်းငြိမ်းချမ်းရေး အစီအစဉ်ကို ပူတင်ထောက်ခံပြီး ပဋိပက္ခနဲ့ ပတ်သက်လို့ ပေကျင်းက နားလည်မှုရှိကြောင်း ပြောဆို

0
179

ယူကရိန်းအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး တရုတ်နိုင်ငံရဲ့ အစီအစဉ်အပေါ် ရုရှား သမ္မတ ဗလာဒီမာပူတင်က ထောက်ခံကြောင်းနဲ့ ပေကျင်းဟာ အကျပ်အတည်း နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာကို အပြည့်အဝနားလည်ကြောင်း ဗုဒ္ဓဟူးနေ့(မေ ၁၅) မနက်ပိုင်းက ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

ယခုသီတင်းပတ် ပူတင်ရဲ့ ပေကျင်းခရီးစဉ်မတိုင်မီ တရုတ်အစိုးရ ဆင်ဟွာသတင်းဋ္ဌာနကို ပူတင်က ပြောဆိုခဲ့ရာမှာ ရုရှားအနေနဲ့ ၂ နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ပဋိပက္ခ ဖြေရှင်းရေးမှာ ဆွေးနွေးပြောဆိုမှုတွေအတွက် လမ်းဖွင့်ထားဆဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ သမ္မတ ရှီကျင့်ဖျင် လူသိရှင်ကြား ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အစီအစဉ်နဲ့ အနာဂတ် အခြေခံမူတွေဟာ ပဋိပက္ခနောက်ကွယ်က အကြောင်းရင်းတွေကို ထည့်သွင်းစဉ်းစားထားခဲ့တယ်လို့ ပူတင်က ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အဆိုပြုချက်ဟာ ကျိုးကြောင်းဆီလျော်ပြီး အဆင့်အတန်းရှိတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရောဗ်က ပြီးခဲ့တဲ့လမှာ ထုတ်ဖော်ပြောဆိုပါတယ်။

ရှီရဲ့ နောက်တိုးမူတွေမှာ အခြေအနေကို အေးချမ်းသွားစေဖို့၊ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့၊ တည်ငြိမ်မှု ဖန်တီးဖို့နဲ့ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုတွေကို လျှော့ချဖို့ အခြေအနေဖော်ဆောင်ရေး တောင်းဆိုထားခဲ့ပါတယ်။

တဖန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာတော့ ရုရှားတပ်များ ရုပ်သိမ်းဆုတ်ခွာရေး၊ ၎င်းရဲ့ ၁၉၉၁ ခုနှစ် ဆိုဗီယက်ခေတ်လွန် နယ်နိမိတ်များ ပြန်လည်ထူထောင်ရေးနဲ့ ရုရှားအနေနဲ့ ၎င်းရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူရေးတို့ ပါဝင်ကြောင်း သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here