ဂါဇာကမ်းမြောင်မှာ သေဆုံးခဲ့သူတွေရဲ့ ထက်ဝက်နီးပါးက ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဖြစ်ဟု နေတန်ယာဟု ပြော

0
169

ဂါဇာစစ်ပွဲမှာ သေဆုံးခဲ့သူတွေရဲ့ ထက်ဝက်နီးပါးက ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ပြောဆိုကာ ကမ္ဘာက ဒေါသထွက်စေခဲ့တဲ့ အရပ်သားသေဆုံးမှုအရေအတွက်ကို လျှော့ချသတ်မှတ်ခဲ့ပါတယ်။

ဂါဇာစစ်ပွဲမှာ စုစုပေါင်းသေဆုံးသူဦးရေဟာ ပါလက်စတိုင်းနုယ်မြေရှိ အာဏာပိုင်တွေ ထုတ်ပြန်တဲ့အရေအတွက်ထက် ပိုနည်းတဲ့အရေအတွက်ကိုသာ နေတန်ယာဟုက ပြောဆိုလေ့ရှိပါတယ်။

ဟားမတ်စ်အုပ်စိုးတဲ့ ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ အဆိုအရ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့အကြား ၇ လကျော်ကြာ စစ်ပွဲအတွင်း ဂါဇာမှာ သေဆုံးခဲ့သူဦးရေ ၃၅,၀၉၁ ဦး ရှိခဲ့ပြီလို့ ဆိုပါတယ်။

သို့သော်လည်း တနင်္ဂနွေနေ့က Call Me Back ပေါ့တ်ကတ်စ်ပေါ်က အင်တာဗျူးတစ်ခုမှာတော့ နေတန်ယာဟုက ဂါဇာမှာ အမှန်တစ်ကယ်သေဆုံးသူ အရေအတွက်ဟာ ၃၀၀၀၀ ဝန်းကျင်သာရှိကြောင်းနဲ့ ယင်းထဲက ထက်ဝက်လောက်ဟာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဂါဇာအာဏာပိုင်တွေက စစ်ပွဲအတွင်း သေဆုံးရသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်တယ်လို့ ထပ်ခါတလဲလဲ ပြောဆိုကြပေမယ့် သေဆုံးခဲ့တဲ့ ပါလက်စတိုင်း စစ်သွေးကြွအရေအတွက်ကိုတော့ ခြုံငုံဖော်ပြခြင်းမျိုး မရှိခဲ့ပါဘူး။

ကုလသမဂ္ဂနဲ့ နိုင်ငံအများအပြားက အရပ်သားသေဆုံးရမှု အရေအတွက်နဲ့ ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီစစ်ပွဲမှာ ကလေးငယ်တွေဟာ အချိုးမညီမျှစွာနဲ့ အဆုံးအစွန်ပေးဆပ်နေကြရတယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်ချက်တစ်ခုမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာတပ်ခ်က သတိပေးခဲ့ပါတယ်။

သို့ပေမယ့် နေတန်ယာဟုက အစ္စရေးဟာ တိုက်ပွဲဝင်သေဆုံးသူနဲ့ အရပ်သားသေဆုံးမှုအချိုးကို တစ်အချိုးတစ် အနေအထား ထိန်းထားနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ တိုက်ပွဲသေဆုံးသူ ၁၄၀၀၀ မှာ အရပ်သား သေဆုံးမှု ၁၆၀၀၀ ဝန်းကျင်ဖြစ်နိုင်ခြေရှိတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

Ref: Barron’s


LEAVE A REPLY

Please enter your comment!
Please enter your name here