မြောက်ကိုရီးယားက ခဲယမ်း ကွန်တိန်နာ ၆၇၀၀ ခန့် ရုရှားသို့ ပေးပို့ခဲ့ဟု တောင်ကိုရီးယား ပြောကြား

0
141

ယူကရိန်းနဲ့ ဖြစ်နေတဲ့ စစ်ပွဲမှာ ပံ့ပိုးကူညီမှုအဖြစ် မြောက်ကိုရီးယားဟာ ဇူလိုင်လကစလို့ ရုရှားနိုင်ငံကို သန်းနဲ့ချီသော ခဲယမ်း မီးကျောက်တွေ ပါဝင်တဲ့ ကွန်တိန်နာ ၆၇၀၀ လုံးခန့် တင်ပို့ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးကို ကိုးကားပြီး တောင်ကိုရီးယားမီဒီယာတွေက အင်္ဂါနေ့မှာ သတင်းဖော်ပြပါတယ်။

ကွန်တိန်နာတွေဟာ ၁၅၂ မမ အမြောက်ကျည် ၃ သန်းကျော် သို့မဟုတ် ၁၂၂ မမ ကျည် ၅ သိန်း သယ်ဆောင်နိုင်တဲ့အရေအတွက်ဖြစ်ကြောင်း တနင်္လာနေ့က ဒေသဆိုင်ရာ မီဒီယာတွေကို သတင်းထုတ်ပြန်ရှင်းလင်းရာမှာ ကာကွယ်ရေးဝန်ကြီး ရှင်းဝမ်ဆစ်ခ်က ပြောဆိုခဲ့ပါတယ်။

ကျည်အမျိုးအစား နှစ်မျိုးပေါင်း တင်ပို့တာဖြစ်နိုင်ပြီး အနည်းဆုံးတော့ လက်နက်ကြီးကျည် သန်းပေါင်းများစွာ ပေးပို့ပြီးဖြစ်တယ်လို့ ပြောလို့ရကြောင်း ရှင်းက ပြောဆိုတယ်လို့ ယွန်ဟပ်သတင်းဋ္ဌာနက ဖော်ပြပါတယ်။

မြောက်ကိုရီးယား ခဲယမ်း မီးကျောက်စက်ရုံ ရာချီရှိရာမှာ ကုန်ကြမ်းပြတ်လပ်မှုနဲ့ လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင့် ၃၀ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နိုင်တယ်ဆိုပေမယ့် ရုရှားအတွက် အမြောက်ကျည် ထုတ်လုပ်တဲ့ စက်ရုံတွေကတော့ အပြည့်အ၀ လည်ပတ်နေတယ်လို့ သတင်းအချက်အလက်ရင်းမြစ် အသေးစိတ်မပါဘဲ ၎င်းက ပြောဆိုခဲ့ပါတယ်။

ပြုံယမ်းနဲ့ မော်စကိုတို့အကြား လက်နက်အရောင်းအဝယ် ရှိနေတယ်လို့ ဆိုးလ်နဲ့ ဝါရှင်တန်က စွပ်စွဲခဲ့ပြီး ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အရေး ရုရှားကို လက်နက်တွေ ထောက်ပံ့နေမှုအတွက် မြောက်ကိုရီးယားကို ရှုတ်ချဝေဖန်ခဲ့ကြပါတယ်။ စစ်ဘက်ဆိုင်ရာ ပူပေါင်းဆောင်ရွက်မှု အားကောင်းအောင်ဆောင်ရွက်ဖို့ ကတိပြုထားခဲ့ကြတဲ့ မြောက်ကိုရီးယားနဲ့ ရုရှားဟာ ယခု စွပ်စွဲချက်တွေကိုတော့ ငြင်းဆိုခဲ့ကြကြောင်း သိရပါတယ်။

Ref: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here