ရေအောက်ရှိ ထိုင်းစစ်သင်္ဘောထံမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား အကောင်းပကတိပြန်ဆယ်ယူရရှိ

0
237

ဘန်ကောက်၊ဖေဖော်ဝါရီ ၂၆

ထိုင်းပင်လယ်ပြင်တွင် ၂၀၂၂ ခုနှစ်က နစ်မြုပ်သွားခဲ့သော ထိုင်းတော်ဝင်ရေတပ်မှ HTMS Sukhothai စစ်သင်္ဘောအား အမေရိကန်ရေတပ်နှင့်ထိုင်းတော်ဝင်ရေတပ်တို့၏ ပူးပေါင်းဆယ်ယူမှုလုပ်ငန်းတတိယမြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် စာရွက်စာတမ်း အထောက်အထားအချို့အား နစ်မြုပ်သင်္ဘောပျက်ထဲမှ ဆယ်ယူရရှိခဲ့ကြောင်းသိရသည်။

အဆိုပါပစ္စည်းများအား ပူးတွဲရေငုပ်ရှာဖွေရေးအဖွဲ့က သင်္ဘော၏အဓိက အင်ဂျင်ခန်းအပေါက်တစ်ဝိုက်တွင် ရှာဖွေနေစဉ် တွေ့ရှိခဲ့ခြင်းဟု တော်ဝင်ရေတပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဗီရူဒွမ်မောင်းဂျင်ကပြောကြားခဲ့သည်။

ရေငုပ်အဖွဲ့က သင်္ဘောကပ္ပတိန်ခန်းနှင့် အခြားသော အခန်းငယ်များကိုလည်း တတိယမြောက်နေ့တွင် လေးကြိမ်တိုင်ရေငုပ်ရှာဖွေခဲ့ကြောင်းဆိုပြီး ထပ်မံစုံစမ်းသိရှိချက်များအရ ရေငုပ်အဖွဲ့က ဗုဒ္ဓရုပ်ပွားတော်အား စာရွက်စာတမ်း အထောက်အထားများနှင့်အတူ သင်္ဘောမာလိန်မှူးအခန်းအတွင်း ပုံစံမပျက်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းပါ ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းတော်ဝင်ရေတပ်မှထုတ်ပြန်သော ပုံအရ ဗုဒ္ဓရုပ်ပွားတော် မှာ ထိခိုက်ပျက်စီးမှုမရှိဘဲ မူလအတိုင်း အကောင်းပကတိရှိသည်ကိုလည်းတွေ့ရှိရသည်။

HTMS Sukhothai သင်္ဘောမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် မုန်တိုင်းမိပြီး ထိုင်းပင်လယ်ကွေ့ အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောပေါ်တွင် လိုက်ပါလာသူ ၁၀၅ ဦးအနက် ၇၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ၂၄ ဦး၏ ရုပ်အလေ-ာင်းများကိုတွေ့ရှိခဲ့ပြီး ငါးဦးမှာပျောက်ဆုံးနေခဲ့ခြင်းလည်းဖြစ်သည်။

အမေရိကန်ရေတပ်နှင့် ထိုင်းတော်ဝင်ရေတပ် ပူးပေါင်းဆယ်ယူမှုလုပ်ငန်းကို နှစ်နိုင်ငံရေတပ်များပူးတွဲစစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်ကစတင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ရေတပ်မှကမ်းလွန်ထောက်ပံ့ရေးသင်္ဘော Ocean Valor က ဦးဆောင်ပြီး ထိုင်းနှင့်အမေရိကန်ရေတပ်တို့မှ ရေငုပ်ရှာဖွေရေးသမား ၄၉ ဦးပါရှိကြောင်းလည်းသိရသည်။

အဆိုပါရေငုပ်အဖွဲ့သည် ပူးပေါင်းဆယ်ယူမှုလုပ်ငန်း ၏ဒုတိယမြောက်နေ့တွင် နစ်မြုပ်သင်္ဘောဆိုင်းဘုတ်ပြားအား တွေ့ခဲ့ပြီးနောက် တတိယမြောက်နေ့တွင် ဗုဒ္ဓရုပ်ပွားတော်အား ဆယ်ယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here