ပို့ကုန် (Export) နည်းပါးခြင်းသည် မိမိတို့နိုင်ငံ၏ လိုအပ်ချက်ကြောင့် မဟုတ်ဘဲ အလုပ်မလုပ်သည့် အတွက်သာဖြစ်ကြောင်း နစက ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၃) ၌ ပြောကြားခဲ့သည်။
“မိမိတို့နိုင်ငံအနေဖြင့် လုပ်ကိုင်စားသောက်နိုင်မည့် ရေမြေသယံဇာတနှင့် ရာသီဥတုတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း အလုပ်ကိုဖိဖိစီးစီး ဆောင်ရွက်မှု မရှိသောကြောင့် ကုန်ထုတ်လုပ်မှုများ အားနည်းခဲ့ခြင်းဖြစ်ကြောင်း”ဟု ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီအစိုးရ တက်လာခဲ့ပြီး ယခင်က ဆောင်ရွက်ခဲ့သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ဆက်လက်လည်ပတ်ရန် အားပေးမှုမရှိခြင်း၊ ပုဂ္ဂလိကပိုင်လွှဲပြောင်းပေးခြင်း၊ ဖျက်သိမ်းခဲ့ခြင်းတို့ လုပ်ဆောင်ခဲ့သောကြောင့် ယခင်က နိုင်ငံ့စီးပွားရေးတွင် အဓိကမဏ္ဍိုင်အဖြစ်ရှိခဲ့သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းမှုများ ဖြစ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် မိမိတို့နိုင်ငံအနေဖြင့် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများထက် GDP နည်းပါးလျက်ရှိသည်ကို တွေ့ရှိရပြီး GDP သည် အလုပ်လုပ်မှ တိုးတက်မည်ဖြစ်သည်ဟု နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
ကုန်ထုတ်လုပ်မှု ကဏ္ဍအနေဖြင့် ထုတ်ကုန်ပစ္စည်းမရှိဘဲ ရောင်းကုန် ပစ္စည်းရမည် မဟုတ်ကြောင်း၊ ရောင်းကုန်ပစ္စည်းရမှသာလျင် ဝင်ငွေရနိုင်မည် ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုကို အားပေးရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ကောင်စီဝင်များအနေဖြင့်လည်း မိမိတို့တာဝန်ယူထားသည့် နယ်မြေဒေသများသို့ ရောက်ရှိချိန်တွင် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ကြစေလိုကြောင်းမှာကြားသွားသည်။