ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မြန်မာနယ်စပ်ဒေသ၌ ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လိုကြောင်း ယူနန်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် Yunnan Provincial Investment Promotion Bureau’s မှ Deputy Director General, Mr. Fan Tao နှင့် အဖွဲ့ဝင်များသည် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များအား အသင်းချုပ်၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးရာတွင် အသင်းချုပ်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်လျက်ရှိခြင်း၊မြန်မာနိုင်ငံ၏ နယ်စပ်ထွက်ပေါက်ဒေသများတွင် ကုန်သွယ်မှုပြုလုပ်ခြင်းအပြင် ရင်းနှီးမြှုပ်နှံမှုများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ရန်ပြောကြားခဲ့သည်။
ထို့ပြင် ကုန်သွယ်မှုပြုလုပ်ရာ၌ ယွမ်-ကျပ်တိုက်ရိုက်ငွေပေးချေမှုတွင် လွယ်ကူချောမွေ့စွာ ငွေပေးချေမှု ပြုလုပ်နိုင်မည့်စနစ်တစ်ခုဖြစ်ပေါ်စေရေး၊ ကုန်စည်ပို့ဆောင်ရေးတွင် နှစ်ဖက်ယာဉ်များ တိုက်ရိုက် ဝင်ရောက်နိုင်ရေး၊ လယ်ယာထွက်ကုန်များ တရုတ်ပြည်သို့ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး ချောမွေ့စေရန် ဆောင်ရွက်ပေးစေလိုမှု၊ ကုန်ထုတ်လုပ်ငန်းသုံးစက်ကိရိယာ၊ စက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းနိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှုမပြတ်လပ်စေရန် နည်းလမ်းရှာ ဆွေးနွေးညှိနှိုင်းစေလိုမှုတို့ကို အသင်းချုပ်ဖက်မှ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယူနန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး ကိုယ်စားလှယ်များ၊ ယူနန်စီးပွားရေး လုပ်ငန်းရှင်များသည် ဗီယက်နမ်၊ လာအို၊ မြန်မာ နယ်စပ်ဒေသများတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်လိုခြင်း၊ အကောင်းဆုံးအစီအမံများရေးဆွဲပြီး နှစ်နိုင်ငံအကြား ဆောက်လုပ်ရေးလုပ်ငန်းများ ၊ အထည်ချုပ်လုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လာရန် လိုအပ်သည်များကိုဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

