မြန်မာနိုင်ငံတွင် ကိုးရီယားအထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေး၊ ချည်ငင်နှင့် ဆေးဆိုးလုပ်ငန်းများတွင်(PANKO Corporation)မှ တိုးချဲ့ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၂ ရက်နေ့ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) နှင့် ကိုရီးယား PANKO Corporation တို့ တွေ့ဆုံခဲ့ပြီး အထည်ချုပ်စက်ရုံ တိုးချဲ့ခြင်းအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ” ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကိုလုပ်ရကိုင်ရလွယ်ကူစေမည့်အခြေအနေများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင်နိုင်ငံတော်ဖက်မှ ကုန်ထုတ်လုပ်ငန်းများကို အားပေးနေသည့် ကာလဖြစ်ကြောင်း၊အထူးသဖြင့်အထည်ချုပ်လုပ်ခြင်း အပြင် ချည်ငင်၊ဆေးဆိုးလုပ်ငန်းများလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်မည်ဆိုသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ကိုင်ရာတွင် အကျိုးအမြတ်ရရှိလိုခြင်းတစ်ခုတည်းသာမကနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ကိုရီးယားနိုင်ငံ PANKO Corporation သည် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံကို ၂၀၁၉ ခုနှစ်တွင် ပဲခူးမြို့၌ စတင်တည်ထောင်၍ အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်၍ ပြည်တွင်းအလုပ်အကိုင်များဖန်တီးပေးလျက်ရှိကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ PANKO Corporation ဥက္ကဋ္ဌကြီးMr. Youngjoo Choi က ” မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းအပြင်ချည်ထုတ်လုပ်ရေးလုပ်ငန်းကြီးကိုလုပ်ကိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ချည်ငင်ခြင်း၊ ဆေးဆိုးခြင်းစသည့် စက်မှုလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလာရောက်သည့် ကိုရီးယားလုပ်ငန်းရှင်များသည် ချည်ထုတ်လုပ်ရေးတွင် အတတ်ပညာရှိပြီး အတွေ့အကြုံ များစွာရှိကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရန် အသင်းချုပ်နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထို့ပြင် တတ်ရောက်လာသူများမှ ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ အထည်ချုပ်စက်ရုံများတိုးချဲ့တည်ဆောက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံသူများ လာရောက်လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရန် ကူညီပေးနိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


