ပြည်ပဝယ်လိုအားကျဆင်းခြင်း၊ ပြည်တွင်းဝယ်လိုအားမှာ ပုံမှန်ရှိနေသော်လည်း ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကြက်သွန်နီဈေးနှုန်းကျဆင်းလျက်ရှိကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ထို့ပြင် ရန်ကုန်(ဘုရင့်နောင်)မှသာ ကုန်ပစ္စည်းအမှာများရှိပြီး မြစ်ဝကျွန်းပေါ်ဒေသများမှ ကုန်ပစ္စည်းအမှာများ မရှိသလောက်ဖြစ်သည့်အတွက် ကြက်သွန်နီ စျေးနှုန်းများ တဖြေးဖြေးကျဆင်းလာခြင်းဖြစ်ကြောင်းလည်း သိရသည်။
စက်တင်ဘာလတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကြက်သွန်နီအချို့မှာ အရည်အသွေးများကျဆင်းလာသဖြင့် ယခင်ရက်ပိုင်းတွင် ကြက်သွန်နီတစ်ပိသာလျှင် ကျပ်(၃ဝဝဝ)ကျော် စျေးရရှိရာမှ ယခုတွင် ကြက်သွန်နီတစ်ပိသာလျှင် (၂၅ဝဝ)ကျပ်စျေးသာ ရရှိနေကြောင်း သိရသည်။
ယခင်နှစ်၊ ယခင်လများနှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီစျေးများ ကျဆင်းလာကြောင်း ကုန်စည်ဒိုင်စျေးနှုန်း သတင်းများအရ သိရသည်။
မြန်မာနိုင်ငံထွက် ကြက်သွန်နီကို တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က အဝယ်ရှိနေခြင်းဖြစ်ကြောင်း၊ထို့ပြင်မြန်မာနိုင်ငံမှထွက်ရှိသည့် ကြက်သွန်နီတန်ချိန် (၂၀၀) ကို မြန်မာနိုင်ငံကနေ ဝယ်ယူတင်သွင်းခွင့် ပြုလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားထားသည်။
မြန်မာနိုင်ငံတွင်ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော် စိုက်ပျိုးပြီး နှစ်စဉ် တန်ချိန် တသန်းကျော် ထွက်ရှိကာ ပြည်ပတင်ပို့မှုအနေဖြင့်တနှစ်လျှင် တန်ချိန် တသိန်းဝန်းကျင်သာရှိကြောင်း သိရသည်။

