သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို ကျောင်းအခြေပြုထိုးနှံချိန် ပညာရေးဌာန၊ ပြည်သူလူထုအခြေပြု ထိုးနှံချိန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ရမည်

0
216

သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို ကျောင်းအခြေပြုထိုးနှံချိန် ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသူများစာရင်းအား ပညာရေးဌာန၊ ပြည်သူလူထုအခြေပြု ဆေးထိုးနှံရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၁၈)ရက် နံနက်က မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် VMIS မှ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် မိန်းကလေးများ စာရင်းအားပြုစုခြင်း၊ ဆေးထိုးချိန်တွင် ဆေးထိုးစုရပ် ပြင်ဆင်ခြင်း၊ ကာကွယ်ဆေးများ ဖြန့်ဝေခြင်းအစရှိသည့် ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များအား ဌာနသီးသီးမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုခဲ့သည်။

မိန်းကလေးငယ်များအား အသက် (၉)နှစ်အရွယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းအားဖြင့် ဗိုင်းရပ်(စ်)ပိုးနှင့် စတင်ထိတွေ့ခြင်း မရှိမှီအချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်ပြီး သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ရည်မှန်းဆောင်ရွက်နေကြောင်း သိရသည်။

သားအိမ်ခေါင်း ကင်ဆာရောဂါမှာ ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံများတွင် နေထိုင်သည့် အမျိုးသမီးများတွင် တတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here