ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီး (၁) ဦးထံမှ လက်နက်ခဲယမ်း ရာနှင့်ချီ တွေ့ရှိမှုကြောင့် ဖမ်းဆီးခံထားရ

0
345

ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီခရိုင်တွင် မြန်မာအမျိုးသမီး (၁) ဦး‌ ထံပို့မည့် ပါဆယ်ထုပ်အတွင်းမှ လက်နက်ခဲယမ်း ရာနှင့်ချီ တွေ့ရှိမှုကြောင့် ယင်းအမျိုးသမီးအား ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်၏ ဖော်ပြထားချက်အရ သိရသည်။

ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီခရိုင်အတွင်းရှိ ပုဂ္ဂလိက ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုရှိ ရုံးခန်း၌ မသင်္ကာဖွယ် အညိုရောင် ပါဆယ်အထုပ် တစ်ထုပ် တွေ့ရှိကြောင်း သတင်းအရ ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပါဆယ်ထုပ်အတွင်း M16 ကျည်ခွံ (၉၂၀) နှင့် M16 ကျည်ဆန်အပြည့်ထည့်ထားသည့် ကျည်ကဒ် (၂၄) ကဒ် တို့ကို တွေ့ရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

ထိုသို့ တွေ့ရှိချက်အရ ပါဆယ်ပို့မည့် လိပ်စာပါ နေအိမ်သို့ ပါဆယ်ထုပ်ကို ပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့က စောင့်ကြည့်နေစဉ် ည (၇) နာရီခန့်တွင် အမျိုးသမီးတစ်ဦးက လာရောက်ယူဆောင်ခဲ့ရာ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးမှာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်တွင် နေထိုင်သူဖြစ်ကြောင်း သတင်းများအရ သိရပြီး ထိုင်းနိုင်ငံအတွင်း၌လည်း တရားမဝင် နေထိုင်နေသည်မှာ (၁၃) နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် အမျိုးသမီးအား ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှု၊ လက်နက်ခဲယမ်း လက်ဝယ်တွေ့ရှိမှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းဖော်ပြထားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here