ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးကို စတင်အကောင်အထည်ဖော်ရန် မြန်မာအစိုးရ၊ ကုလသမဂ္ဂနှင့် အဖွဲ့အစည်းများကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို နစက ဒု-ဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် UNOCHA ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးတို့ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် ဒေါက်တာမိုဟာမက်မွန်(န)ဝါဟူစိန်တို့အား စက်တင်ဘာ (၅) ရက်က သီးခြားစီလက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
UNOCHA ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid နှင့် နံနက် (၁၀) နာရီခွဲက တွေ့ဆုံစဥ် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့်အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ အကြီးအကဲ Under- Secretary- General Mr. Martin Griffiths ၏ ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်နောက်ပိုင်း မြန်မာအစိုးရ၊ ကုလသမဂ္ဂနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် ဒေါက်တာ မိုဟာမက် မွန် (န) ဝါဟူစိန်နှင့် လည်း မွန်းလွဲ (၁) နာရီတွင် တွေ့ဆုံခဲ့ ကြောင်း သိရသည်။
ယင်းသို့ တွေ့ဆုံစဉ် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှုနှင့် ပေါင်းစည်းချိတ်ဆက်မှု အပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန် လည်လက်ခံရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော်နိုင်ရေးနှင့်ဒေသတွင်းနှင့်နိုင်ငံတကာရေးရာအကျိုးတူကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။