ယူကရိန်းသို့ထောက်ပံ့မည့် အမြောက်ကျည်များအတွက် TNT ယမ်းဘီလူးများ ဂျပန်မှ ရရှိရန် အမေရိကန် ကြိုးပမ်းနေ

0
359

အမေရိကန်သည် ရုရှားတပ်ဖွဲ့များကို တန်ပြန်တိုက်ခိုက်ရန်အတွက် ၁၅၅ မီလီမီတာ အမြောက်ကျည်များ ယူကရိန်းသို့ထောက်ပံ့ရာတွင် ယင်းကျည်များတွင် ထည့်သွင်းရမည့် TNT ယမ်းဘီလူးများ ဂျပန်မှရရှိရန် ကြိုးပမ်းနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် အမည်မဖော်လိုသူ နှစ်ဦးက Reuters သတင်းဌာန သို့ ပြောကြားခဲ့သည်။

စစ်ပွဲများတွင် ပါဝင်ပတ်သက်ခြင်းမပြုသည့် ဂျပန်အတွက်၊ မည်သည့်ဝယ်ယူရေးတွင်မဆို တင်ပို့မှုစည်းမျဉ်းများအရ ဂျပန်ကုမ္ပဏီများအနေဖြင့် TNT ယမ်းဘီလူးကဲ့သို့သော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချခြင်းမပြုရန် ဥပဒေက တားမြစ်ထားသောကြောင့်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ အမေရိကန်အပါအဝင် မဟာမိတ်များသည် ကမ္ဘာလုံးဆိုင်ရာခဲယမ်းများပြတ်လပ်မှုများကြားတွင် ဂျပန်၏ TNT ရောင်းချမှုတားမြစ်ချက်ကို ပြေလည်အောင်ဖြေရှင်းသည့် နည်းလမ်းတစ်ခုကို တွေ့ရှိထားပုံရသည်။

“ဂျပန်ဆီက ဖောက်ခွဲရေးပစ္စည်းတွေကို အမေရိကန်က ဝယ်ဖို့ နည်းလမ်းရှိပါတယ်” ဟု ဂျပန်တွင် ဆွေးနွေးနေသော အမည်မဖော်လိုသူ ပညာရှင်သူတစ်ဦးက အဆိုပါကိစ္စ၏ ထိလွယ်ရှလွယ်မှုကို ကိုးကား၍ Reuters သို့ ပြောကြားခဲ့သည်။

စီးပွားဖြစ်ရောင်းချသည့် ထုတ်ကုန်များ သို့မဟုတ် စက်မှုနည်းပညာကဏ္ဍ ၂ မျိုးတွင် အသုံးပြုနိုင်သော ပစ္စည်းများအပေါ် ကန့်သတ်ချက်များသည် စစ်ဘက်ရည်ရွယ်ချက်သက်သက်ဖြင့်ထုတ်လုပ်သော ကုန်ပစ္စည်းများတင်ပို့ခြင်းထက် တင်းကြပ်မှုနည်းသောကြောင့် အမေရိကန်သည် ၎င်း၏စစ်တပ်အတွက် Panasonic Toughbook လက်ပ်တော့များကို ဂျပန်မှ ဝယ်ယူနိုင်ခဲ့သည်။

ဂျပန်ကုန်သွယ်ရေး၊ စက်မှုနှင့်စီးပွားရေးဝန်ကြီးဌာနကမူ အဆိုပါ TNTယမ်းဘီလူးများ တင်ပို့ခြင်းနှင့်ပတ်သက်၍ ဂျပန်ကုမ္ပဏီများဆီသို့ အခြားကုမ္ပဏီများထံမှ ချဉ်းကပ်စည်းရုံးမှုများ ရှိ၊ မရှိ ပြောကြားရန်ကို ငြင်းဆိုခဲ့သည်။ စစ်ဘက်ဆိုင်ရာ ကန့်သတ်ချက်များနှင့် မကိုက်ညီသော ပစ္စည်းများကိုတင်ပို့ရာတွင် ပုံမှန်ပို့ကုန်စည်းမျဉ်းများအောက်တွင် ဝယ်ယူသူ၏ ရည်ရွယ်ချက်ကိုပါ ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်းကိုသာ ပြန်လည်ဖြေကြားခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ စုဆောင်းမှု၊ နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီကမူ TNT ယမ်းဘီလူးများကိစ္စအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here