အီလွန်မတ်စ်ပိုင် နျူရယ်လင့် ချစ်ပ်ကို လူ့ဦးနှောက်ထဲသို့ ထည့်သွင်း စမ်းသပ်ခွင့်ရပြီ

0
183

အီလွန်မတ်စ်၏ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ ကုမ္ပဏီ နျူရယ်လင့်က အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) သည် ၎င်း၏ ချစ်ပ် အား လူ့ဦးနှောက်ထဲ ထည့်သွင်းစမ်းသပ်မှု ပြုလုပ်ရန်အတွက် ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်ကြောင်း မေလ ၂၅ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

နျူရယ်လင့် ချစ်ပ် သည် လူ့ဦးနှောက်နှင့် နည်းပညာကြား ဆက်သွယ်ပေးမည့် တံတားတစ်စင်း ဖြစ်လာနိုင်သော ကိရိယာတစ်မျိုး ဖြစ်သည်။ ဆိုလိုသည်မှာ ထိုချစ်ပ်ပြားသည် လက်ခံ ထည့်သွင်းထားသူ၏ ဦးနှောက်အတွင်းရှိ လုပ်ဆောင်မှုများနှင့် အခြေအနေအမျိုးမျိုးကို လက်ကိုင်ဖုန်းနှင့် ကွန်ပြူတာများသို့ ပေးပို့ကာ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက် သိရှိစေနိုင်မည်ဖြစ်သည်။

ထို့ပြင် အီလွန်မတ်စ်က နျူရယ်လင့်ထုတ် ချစ်ပ်သည် လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ အဝလွန်ခြင်း၊ မှတ်ဉာဏ်မဖွံ့ဖြိုးမှု ရောဂါ၊ စိတ်ကျရောဂါနှင့် စိတ်ကစဉ့်ကလျား ရောဂါတို့ အပါအဝင် ရောဂါပေါင်း များစွာကို ကုသပေးနိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။

မက်စ်သည် ၂၀၁၉ ခုနှစ်ကတည်းက ၎င်း၏ ချစ်ပ်ကို လူသားများနှင့် စမ်းသပ်နိုင်တော့မည်ဟု ပြောကြားခဲ့သော်လည်း FDA ဘက်ကမူ အဆိုပါ ကိရိယာအား လုံခြုံမှု မရှိဟု ဆိုကာ ခွင့်ပြုချက်မပေးခဲ့ပေ။ သို့ရာတွင် ပြီးခဲ့သည့်နှစ်က မက်စ်သည် ထိုချပ်စ်ပြားကို သူ့သားသမီးများ၏ ဦးနှောက်ထဲ၌ ထည့်သွင်းလိုသည်အထိ လုံခြုံမှုရှိကြောင်း ပြောခဲ့သည်။

ယခုလက်ရှိအချိန်၌ ထိုချစ်ပြားသည် FDA ထံမှ ခွင့်ပြုချက် ရထားပြီဖြစ်သော်လည်း လတ်တလောတွင် စမ်းသပ်ခံမည့် လူများအား စတင်ခေါ်ယူစုဆောင်းသွားရန် အစီအစဉ်မရှိသေးကြောင်း နျူရယ်လင့်က ပြောထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here