အလှမွေး ငါးကြင်းများ အစုလိုက်အပြုံလိုက် သေဆုံးရခြင်းမှာ ရေထုညစ်ညမ်းပြီး ပျော်ဝင်အောက်စီဂျင် မလုံလောက်၍သာဖြစ်ဟု ငါးလုပ်ငန်းဆို

0
150

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့၊ ဘောဓိကုန်းရပ်ကွက်၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်ရှိ ရောင်စုံအလှ‌မွေး ငါးကြင်း ထောင်နှင့်ချီသေဆုံးမှုသည် ရေထုညစ်ညမ်းပြီး ပျော်ဝင်အောက်စီဂျင် မလုံလောက်၍ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီး ဌာနက ဆိုသည်။

မေ (၂၂) ရက်က ဖြစ်ပွားခဲ့သည့် ငါးများအစုအလိုက်အပြုံလိုက်သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ကန်ရေနှင့် သေဆုံးခဲ့သည့် ငါးအချို့ကို ဓာတ်ခွဲစစ်ဆေး မှုများပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဓာတ်ခွဲစစ်ဆေးချက်အရ ပြင်ပလက္ခဏာများကောင်းမွန်သော်လည်း မျက်လုံးများပြူးနေကာ ခန္ဓာကိုယ်နှင့် ရေယက်များတွင် Argulus SPP အနည်းငယ်တွယ်ကပ်နေကာ ကျောက်ကပ်နှင့် အသည်းအနည်းငယ်ပျက်စီးနေပြီး သွေးကြောများပေါက်ကာ ယောင်နေခြင်း၊ ပါးဟပ်မျှင်ထိပ်ဖျားများ ကြီး‌နေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဓာတ်ခွဲခန်းသို့ ပေးပို့သည့် ငါး (၂) ကောင်အားစစ်ဆေးကြည့်ရာတွင် အန္တရာယ်ဖြစ်စေနိုင်သော ဘက်တီးရီးယားပိုးများမတွေ့ရှိရခြင်း၊ ခန္ဓာကိုယ်ပေါ်၌ အနည်းငယ်တွေ့ရှိရသည့် ကပ်ပါးပိုးမှာလည်း ငါးများအားသေဆုံးနိုင်မှုမရှိစေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ရ ကြောင်းလည်း သိရသည်။

ထို့ကြောင့် ငါးများသေဆုံးရခြင်းမှာ ရောဂါကြောင့်သေ ဆုံးခြင်းမဟုတ်ဘဲ မွေးမြူချိန်ကြာလာချိန်၌ ငါးကောင်ရေတိုးပွားလာကာ ကန်ကြပ်ခြင်း၊ အောက်မြေသားပေါ်တွင် အစာအကြွင်းအကျန်များ များပြားလာခြင်း၊ လက်ရှိအချိန်၌ ရာသီဥတုမျှတမှုမရှိခြင်း၊ နံနက်အစောပိုင်းတွင် ပျော်ဝင်အောက်စီဂျင် မလုံလောက်ခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ရသည်။

အဆိုပါ ကန်အတွင်းသို့ ၂ လက်မအရွယ်ခန့်ရှိသည့် အလှမွေး ရောင်စုံငါးကြင်း အကောင်ရေ (၆၀၀၀) ခန့်အား ၂၀၀၈ ခုနှစ်မှစတင်ကာ ထည့်သွင်းမွေးမြူခဲ့ခြင်းဖြစ်ကာ (၁၅) နှစ်တာအတွင်း ကန်အတွင်း ရေသွင်း/ရေထုတ်ပြုလုပ်ပေးခြင်း၊ရေညှိရေမှော်များရှင်းလင်းပေးခြင်း၊နှုံးဖော်ခြင်းများကို ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ကန်အတွင်း အောက်စီဂျင် မြင့်မားလာစေရန် ကန်အတွင်းပေါက်နေသောအပင်များအား ဖယ်ရှားပေးခြင်း၊ ကန်အတွင်း လေပေးခြင်း(သို့) ရေပန်းချခြင်း (သို့) ရေသစ်သွင်းပေးခြင်းတို့ပြု လုပ်ရန်လိုအပ်ကာ O2.GEN -TAB အား တစ်ဧက၊ တစ်မီတာအနက်တွင် 500 g နှုန်းထည့်သွင်းပေးပါက ရေအရည်အသွေး ပိုမိုကောင်းမွန်လာမည်ဟု ရေချိုသုတေသနဌာနမှ အကြံပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here